အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များဖြစ်သည့် သံတွဲ၊ ဂွ၊ ရမ်းဗြဲ၊ ပေါက်တောနှင့် မောင်တော စသည့် မြို့နယ်များ၏ ပင်လယ်ပြင်ကမ်းရိုးတန်းအနီးတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ရေတပ်အင်အား ဖြည့်တင်းမှုနှင့် သွားလာလှုပ်ရှားမှု များလာနေကြောင်း ဒေသခံများထံမှ သိရသည်။
သံတွဲမြို့ ငပလီ ကမ်းခြေအနီးက ပင်လယ်ပြင်တွင် ယခင်က စစ်ကောင်စီ နေဗီ ၂ စီးရှိရာမှ ယခု အောက်တိုဘာ ပထမအပတ်မှစကာ စစ်ကောင်စီ နေဗီ ၆ စီးထက်မနည်း အင်အားဖြည့်တင်းထားပြီး သံတွဲနှင့် ဂွသို့ အတက်အဆင်း လုပ်ကာ လက်နက်ကြီးပစ်ခတ်မှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
“သံတွဲပင်လယ်ပြင်မှာ စစ်ကောင်စီက ရေတပ် အင်အားဖြည့်နေတာတွေ ရှိတယ်။ အခု စစ်ကောင်စီ နေဗီ အရေအတွက် ပိုတိုးလာတာကို မြင်ရတယ်။ အဲဒီနေဗီတွေက ဂွ ဖက်ကို အသွားအပြန် လုပ်နေတာတွေ ရှိတယ်။ လက်နက်ကြီးပစ်တာတွေလည်း ရှိတယ်” ဟု သံတွဲဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အောက်တိုဘာ ၉ ရက်တွင် သံတွဲ (ငပလီ)ကမ်းခြေမျက်နှာချင်းဆိုင်တွင် အထိုင်ချထားသည့် စစ်ကောင်စီ နေဗီများမှ သံတွဲမြို့ပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း အာရက္ခတပ်တော်က အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းနေ့တွင်ပင် ဂွမြို့နယ်၊ ပုန်းညက်ကျေးရွာ၏ အနောက်ဘက် ပင်လယ်ပြင်ထက်တွင် အထိုင်ချထားသည့် စစ်ကောင်စီ နေဗီများမှ လက်နက်ကြီး ၁၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မောင်တောနှင့် ပေါက်တောမြို့အနီး ပင်လယ်ပြင်တွင်လည်း ကျောက်ချထားသည့် စစ်ကောင်စီ နေဗီများမှာ ယခုရက်ပိုင်းအတွင်း သွားလာလှုပ်ရှားမှုများ ရှိနေသဖြင့် ပင်လယ်ပြင်အနီးရှိ ကျေးရွာများမှ ဒေသခံများမှာ စိုးရိမ်မှုများ ရှိနေကြောင်း ဆိုသည်။
“စစ်ကောင်စီ နေဗီတွေ ကမ်းအနီးထိ တက်လာတယ်။ ဒီရက်ပိုင်းမှာလည်း ညဉ့်အချိန် ကျောက်ပန်းဒူ ကမ်းခြေအနားထိ နေဗီ တက်လာတာကို အသံအကျယ်ကြီး ကြားလိုက်ရတယ်။ ကမ်းခြေအနားမှာ ရှိတဲ့ ရွာသားတွေလည်း စစ်ကောင်စီ နေဗီ တက်လာတာကြောင့် စိုးရိမ်နေကြတယ်” ဟု မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းအပြင် ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း အနောက်ဘက်ပင်လယ်ပြင်ရှိ စစ်သင်္ဘာ ၃ စီး ထက်မနည်းမှာ ကျောက်ဖြူနှင့် မောင်တောမြို့နယ်များသို့ သွားလာလှုပ်ရှားမှုများ ရှိနေကြောင်း သိရသည်။
ရခိုင်ကမ်းရိုးတန်းနေရာများတွင် အထိုင်ချထားသည့် စစ်ကောင်စီ နေဗီများမှ ကမ်းအနီး မြို့၊ ရွာများကို လက်နက်ကြီး ပစ်ခတ်မှု မကြာခဏ လုပ်ဆောင်ကာ ငါးဖမ်းထွက်သည့် ဒေသခံ ရေလုပ်သားများကိုလည်း ဖမ်းဆီးမှုများ ရှိနေသည်။
ယခုကဲ့သို့ စစ်ကောင်စီ နေဗီများက အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များ၏ ပင်လယ်ကမ်း အနီးအနားထိ သွားလာလှုပ်ရှားမှုများ ပြုလုပ်လာခြင်းမှာ စစ်ရေးအရ ခြိမ်းခြောက်သည့် သဘောဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
“လက်ရှိမှာ AA ဟာ ကုန်းမြေအများစုကို ထိန်းချုပ်နိုင်ပေမယ့် ရေပြင်နဲ့ ဝေဟင်ကို ထိန်းချုပ်မှု မရှိသေးဘူး။ စစ်ကောင်စီက ရေတပ် အားကိုးတွေနဲ့ AA ထိန်းချုပ်တဲ့ နယ်မြေတွေရဲ့ ကမ်းခြေတစ်လျှောက် လှုပ်ရှားတာ၊ လက်နက်ကြီးပစ်ပြီး ခြိမ်းခြောက်တာတွေ မကြာမကြာ ရှိနေတာလည်း ဖြစ်တယ်။ ဒေသခံတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ သဘောပေါ့။ တစ်ဖက်မှာ စစ်ကောင်စီက ရေပြင်ထိုးစစ် ဆင်မလာနိုင်ဘူးလို့လည်း ပြောလို့မရတဲ့ အနေအထားမျိုးပဲ” ဟု ရခိုင်စစ်ရေးစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
တစ်ဖက်တွင်လည်း အာရက္ခတပ်တော်က ပင်လယ်ကမ်းနီး မြို့/ရွာများမှ ဒေသခံများအနေဖြင့် စစ်ကောင်စီ၏ ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားပြီး စစ်ရေးသတိရှိကြရန် သတိပေး တိုက်တွန်းထားသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲရက် ကြေညာပြီးနောက်ပိုင်း ရခိုင်တောင်ပိုင်းမြို့နယ်များကို ကြည်း၊ ရေ၊ လေ အသုံးပြုကာ AA ထိန်းချုပ်နယ်မြေများကို ဝင်ရောက်နိုင်ရေး ကြိုးပမ်းမှုများ ဆက်တိုက်မြင်နေရသည်။







