ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများသို့ ယနေ့(အောက်တိုဘာ ၁၇ ရက်နေ့)က စစ်အုပ်စုလေတပ်မှ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံး(၂)လုံးကြဲချတိုက်ခိုက်၍ အမျိုးသမီး (၁) ဦးအပါအဝင် ဒေသခံ (၃) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မျက်မြင်တွေ့ရှိခဲ့သူ ဒေသအချို့က ပြောသည်။
ကျောက်ဖျာနှင့် နတ်စင်ရွာတို့တွင် ယနေ့မနက် ၁၀ နာရီ ၄၅ မိနစ်၌ ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ပြီး ဒေသခံ အမျိုးသမီးတစ်ဦးမှာ ဗုံးစထိမှန်ဒဏ်ရာများပြားခဲ့သည်။ နောက်ထပ် အမျိုးသားနှစ်ဦးမှာလည်း ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာအနည်းငယ်ရရှိသွားသည်ဟု ကိုယ်တွေ့မြင်ခဲ့ရသူ ဒေသခံအမျိုးသားက ပြောသည်။
“ဗုံးကျတာကတော့ ကျောက်ဖျာရွာလယ်က အိမ်နားမှာတစ်လုံး၊ အဲဒီနားမှာရှိနေတဲ့ မိန်းမတစ်ယောက်ကတော့ ဒဏ်ရာနည်းနည်းများလို့ ဆေးရုံပို့လိုက်ပြီ။ ကျန်တဲ့နှစ်ယောက်ကတော့ သိပ်မများဘူး။ နောက်ဗုံးတစ်လုံးက ရွာအနောက်ဘက်မှာကျတာ ထိခိုက်တာမရှိဘူး” ဟု အဆိုပါအမျိုးသားက ကေအိုင်စီသို့ ပြောသည်။
ဒဏ်ရာရသူတို့၏အနေအထားမှာ မီးလောင်ဒဏ်ရာမျိုးဖြစ်သောကြောင့် ဆင့်ကဲပေါက်ကွဲစေတတ်သည့်ဗုံး ( Cluster )ဗုံးအမျိုးအစားကို စစ်အုပ်စုကအသုံးပြုသွားခြင်းဖြစ်နိုင်သည်ဟုလည်း မျက်မြင်တွေ့ခဲ့ရသူများက ခန့်မှန်းပြောဆိုနေကြသည်။
ထို့အပြင် လေကြောင်းဗုံးကြဲမှုကြောင့် ကျောက်ဖျာရွာလယ်ရှိ နေအိမ်တစ်လုံး၏အိမ်ရှေ့မျက်နှာစာ ထိခိုက်ပျက်စီးခဲ့သည်ဟုလည်း ကျိုက်ထိုဒေသခံများထံမှ သိရသည်။
ကျိုက်ထိုဒေသခံက “လေယာဥ်ကခေါင်းပေါ်ကတင်ဖြတ်သွားတာ။ တောင်ကြောကိုပတ်ပြီးဆင်းလာတယ်။ နီးလွန်းလို့ သူ့လေယာဥ် အတောင်ပံဘေးကနေ မီးခိုးရောင်နှစ်လိုင်းထသွားတာတောင် မြင်လိုက်ရတယ်။ ဗုံးကျတဲ့အိမ်ရဲ့တံစက်မြိတ်ကတော့ပျက်စီးသွားတယ် ကျနော်သွားကြည့်တာ” ဟု ပြောသည်။
ကေအိုင်စီအနေဖြင့် စစ်အုပ်စုအသုံးပြုခဲ့သည်မှာ Cluster ဗုံးအမျိုးအစား ဟုတ်မဟုတ် သီးခြား အတည်မပြုနိုင်သေးပါ။ သို့ရာတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက အမြောက်၊ လောင်ချာ၊ ဒုံးကျည်နှင့် တိုက်လေယာဥ်များ၌ ထည့်သွင်းပစ်လွှတ်နိုင်သည့် အဆိုပါဖျက်အားပြင်းဗုံးများကို နိုင်ငံတကာပိတ်ပင်ထားသော်လည်း မြန်မာစစ်အုပ်စုက အသုံးပြုနေကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
အလားတူ အာဏာသိမ်းစစ်အုပ်စုက ပြီးခဲ့သည့် အောက်တိုဘာ(၉)ရက်နေ့ကလည်း သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ ထီးဖာဒို့ထ(ပျဉ်းမပင်ဆိပ်) ရွာသို့ ဂျက်ဖိုက်တာဖြင့် ပေါက်ကွဲအားပြင်းသည့် ပေါင်(၅၀၀)ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်သွားရာ ကလေးငယ်(၅)ဦးနှင့် ဒေသခံ(၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူနှင့်ကရင်အရပ်ဖက်အဖွဲ့များက ဆိုသည်။
Photo credit - CJ







