ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဘောရန်ကျေးရွာ ပြည်သူတွေ အရေးပေါ် စားနပ်ရိက္ခာနဲ့ နေရာထိုင်းခင် အကူအညီလိုအပ်နေ

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဘောရန်ကျေးရွာ ပြည်သူတွေ အရေးပေါ် စားနပ်ရိက္ခာနဲ့ နေရာထိုင်းခင် အကူအညီလိုအပ်နေ

အောက်တိုဘာလ (၁၃) ရက်နေ့ကစပြီး ပအို့ဝ်ပြည်သူ့စစ် (PNO/PNA) နဲ့ စစ်ကော်မရှင် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးပြီး ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဘောရန်ဒေသခံတွေ လက်ရှိမှာ အရေးပေါ်စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ရှောင်ကူညီရေးအဖွဲ့တခုဖြစ်တဲ့ Job for Kayah ကနေ ကူညီကယ်ထုတ်ပေးခဲ့ပြီး လုံခြုံတယ်လို့ ယူဆရတဲ့နေရာတခုကို ရောက်ရှိနေပေမယ့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ Job for Kayah အဖွဲ့ရဲ့ တာဝန်ခံက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဘောရန် နှစ်ရွာပေါ့။ ဒါကို ကျနော်တို့ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ခဲ့တယ်။ လုပ်တဲ့အချိန်မှာ ဘာတွေမြင်လဲဆိုတော့ သူတို့ အရမ်းဒုက္ခရောက်ကြတယ်။ လမ်းလျှောက်ပြီးတော့လည်း ပြေးလာရတယ်။ စားနပ်ရိက္ခာတွေ စပါးတွေလည်း သူတို့ မရိတ်သိမ်းနိုင်ဘူး။ မသယ်လာနိုင်ဘူး။ သူတို့မှာ ကူညီဖေးမအားပေးမှုတွေ လိုတယ်။ စားနပ်ရိက္ခာနဲ့ နေစရာတွေ လိုအပ်နေတယ်။ နေစရာလို့ပြောတဲ့အခါမှာ အမိုးအကာတွေ ဝါးတွေ၊ သစ်တွေ အဲ့ဒါတွေလည်း လိုအပ်နေတယ်” လို့ Job for Kayah အဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ကလေးငယ်နဲ့ သက်ကြီးရွယ်အို လူဦးရေများတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အကူညီတွေလည်း လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ရှောင်ကူညီရေးအဖွဲ့တွေအနေနဲ့ အခုလိုကူညီဆောင်ရွက်ပေးတဲ့အခါမှာ စိန်ခေါ်မှုတွေ ရှိနေကြောင်းကို Job for Kayah အဖွဲ့ရဲ့ တာ၀န်ခံက အခုလို ပြောပါတယ်။

“အလှူရှင်တွေက ကြာလာတော့ နည်းပါးလာကြတယ်။ ပြည်သူအများစုကလည်း ဒုက္ခသည်တွေ ဖြစ်နေကြတယ်။ အဓိက ကတော့ ကျနော်တို့အတွက် ကူညီရေးပစ္စည်းတွေ ကူညီဖို့ ရန်ပုံငွေတွေက လိုအပ်ချက် အကြီးမားကြီး ဖြစ်နေတယ်။ ဒါက စိန်ခေါ်မှုတခုပါပဲ” လို့ ဆိုပါတယ်။

အရေးပေါ် အခြေအနေ ဖြစ်တာကြောင့် စစ်ရှောင်ကူညီရေးအဖွဲ့တွေ ပိုပြီးစည်းစည်းလုံးလုံး အားစိုက်ပါဝင်လာကြဖို့ကိုလည်း သူက တိုက်တွန်းပြောဆိုထားပါတယ်။

လတ်တလော အခြေနေမှာတော့ Job for Kayah အပါအဝင် အခြားစစ်ဘေးရှောင်ကူညီရေးအဖွဲ့ တချို့က စာနပ်ရိက္ခာအတွက် ဆန်နဲ့ကုန်ခြောက်တချို့ကို ထောက်ပံ့ကူညီထားပေမယ့် အရေးပေါ်လိုအပ်ချက်တွေ များနေသေးတယ်လို့လည်း ဆိုထားပါတယ်။

ဘောရန်ကျေးရွာဟာ အပေါ်ရွာနဲ့ အောက်ရွာ နှစ်ခုရှိပြီး လူဦးရေ (၁၆၀၀) ဝန်းကျင် ရှိပါတယ်။

March 2, 2026
ဖေဖော်ဝါရီလ (၂၈) နေ့မှာ ကျရောက်တဲ့ ကရင်နီသူနာပြုများ အစည်းအရုံး Karenni Nurses Association(KNA)...
February 28, 2026
စစ်ရေးအခြေအနေပြင်းထန်ပြီး စစ်ဘေးရှောင်တွေများပြားနေတဲ့ ကရင်နီပြည်မှာ စားဝတ်နေရေး...
ကန္တာရဝတီတိုင်း ( မ် )
February 27, 2026
ကရင်နီသူနာပြုများ အစည်းအရုံး (Karenni Nurses Association - KNA) ဥက္ကဋ္ဌအဖြစ်...
February 26, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ် နဲ့ မယ်စဲ့မြို့နယ်ကို ဆက်သွယ်ထားတဲ့ ဖားဆောင်း ( သံလွင် )...