ကော့ကရိတ်တွင် စစ်အုပ်စုက အင်အားတပ်တိုး၍ စစ်ကြောင်းထိုး၊ အရပ်သားများကိုဖမ်းဆီးသတ်ဖြတ်နေဟု ဆို

ကော့ကရိတ်တွင် စစ်အုပ်စုက အင်အားတပ်တိုး၍ စစ်ကြောင်းထိုး၊ အရပ်သားများကိုဖမ်းဆီးသတ်ဖြတ်နေဟု ဆို
Photo credit - CJ
Photo credit - CJ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အောက်တိုဘာ (၉) ရက်မှစ၍ စစ်အုပ်စု ပူးပေါင်းတပ်က အင်အားတိုး ဖြန့်ကျက်စစ်ကြောင်းထိုး၍ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် အရပ်သားများကို ဖမ်း‌ဆီး သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်နေသည်ဟု စစ်ရှောင်ဒေသခံနှင့် တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။

စစ်အုပ်စုနှင့် ခွဲထွက် DKBA ဗိုလ်ဘိအဖွဲ့၊ ကရင်နယ်ခြား‌စောင့်တပ်-BGF ပူးပေါင်း အင်အား ၅၀၀ ကျော်သည် အောက်တိုဘာ (၉) ရက်‌မှစ၍ မြပတိုင်၊ ထီဖိုးစံ၊ ‌အောက်ဘိုတဲ နေရာများသို့ စစ်ကြောင်းထိုးလာသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်ဘက်က ပြောသည်။

ထို့နောက် အောက်တိုဘာ (၁၄) ရက်နှင့် (၁၅) ရက်တွင်လည်း စစ်ကြောင်း ၃ ကြောင်းခွဲပြီး နောင်မိ–ထီဖိုးစံ ရွာလမ်းပိုင်းနေရာများသို့ တိုးဝင်လာသဖြင့် KNLA မဟာမိတ်တပ်က စစ်အုပ်စု၏ လက်နက်ကြီး အထိုင်ချနေရာများကို ဒရုန်းဖြင့် ပစ်ချတိုက်ခိုက်ခြင်းနှင့်အတူ တိုက်ပွဲပြင်းထန်နေကြောင်း ဆိုသည်။



အထိနာသည့် စစ်အုပ်စုက နောင်မိ၊ ထီဖိုးစံ စသည့်ရွာများသို့ လက်နက်ကြီးများ၊ အတွဲလိုက်ပစ်ဒုန်းကျည်များဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

"မြပတိုင်ဘက်မှာ စကစရဲ့ အမြှောက်နေရာကို တော်လှန်ရေးအဖွဲ့က ဒရုန်းသွားကြဲတာ ထိတယ်။ စကစကလည်း နောင်မိဘက် ထီဖိုးစံဘက်ကို မနေ့က တစ်နေကုန်ပစ်တာ။ အိမ်တွေ၊ ကျောင်းတွေတော့ ပျက်ကုန်ပြီ။ ထီဖိုးစံဘက်မှာလည်း မစ်ဇိုင်းတွေရောက်တယ်။ ရွာဘုန်းကြီးကျောင်းအုတ်တံတိုင်း ပြိုပြီးကျောင်းဆောင် ထိတယ်"ဟု ထိုရွာသားက ပြောသည်။

၎င်းအပြင် အောက်တိုဘာ (၁၁) ရက်‌နေ့က ရန်ကုတ်ရွာသို့ ဝင်ရောက်လာသည့် စစ်အုပ်စု စစ်ကြောင်းမှ ရွာသား ၃ ဦးကို ဖမ်းဆီးပြီး စောအကျော် ၂၇ နှစ်အား ပစ်သတ်ခဲ့သည်။ အလောင်းကိုလည်း သယ်ဆောင်ဖျောက် ဖျက်လိုက်သဖြင့် မိသားစုဝင်များ သင်္ဂြိုဟ်ခွင့်မရလိုက်ကြောင်း ရန်ကုတ်ရွာသား စစ်ရှောင်အချို့က ပြောသည်။

ဖမ်းဆီးဆောင်ခံရသူများအနက် စောဖူးဒီး (အသက် ၄၀) နှင့် ဦးသဒါင်း (အသက် ၆၀ ခန့်) တို့ကိုမူ ယနေ့အထိ သတင်းမကြားရသေးကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ထို့အတူ မြပတိုင်၊ ကော့ဖန်ရပ်ဘက်မှ ဝင်လာသည့် ကျုံဒိုးအခြေစိုက် ခြေမြန်တပ်ရင်း ၅၄၅/၅၄၆ တပ်၊ နဘူးမှ ခမရ-၅၄၇/၅၄၈/၅၄၉ တပ် ပူးပေါင်းစစ်ကြောင်းသည်လည်း အောက်ဘိုတဲ၊ မြဝတီလမ်းဟောင်းဘက်ကို စိုးမိုး နိုင်ရန် ကြိုးပမ်းနေ၍ KNLA မဟာမိတ်တပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း စစ်ရေး သတင်းအရင်းအမြစ်မှ သိရသည်။

လက်ရှိအချိန်ထိလည်း ကော့ကရိတ်မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ အံဖကြီး၊ ရွာသစ်ကုန်း၊ အာရှလမ်းသစ် နေရာများကို စစ်အုပ်စု ခြေလျင်တပ်ရင်း ခလရ-၉၇ မှ လက်နက်ကြီးကူညီပစ်ခတ်ပေးလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...