ပူတာအို- မြစ်ကြီးနားကားလမ်းပိုင်းရှိ တန်ဂျာရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့

ပူတာအို- မြစ်ကြီးနားကားလမ်းပိုင်းရှိ တန်ဂျာရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့

ကချင်ပြည်နယ် ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ ပူတာအိုမြို့နယ်ထဲက တန်ဂျာကျေးရွာအနီးမှာလည်း KIA၊ KPDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

ပူတာအိုမြို့အထိုင်တပ် ခလရ ၄၆ တပ်ရင်းထဲကနေ အင်အား ၃၀ ဝန်ကျင်က အောက်တိုဘာ ၁၂ ရက်နေ့ တန်ဂျာကျေးရွာဘက်ကိုစစ်အင်အားဖြည့်တင်းပြီးနောက် အောက်တိုဘာ ၁၃ ရက်မှာ နှစ်ဖက် တိုက်ပွဲ ဖြစ်သွားခဲ့တာလို့သိရပါတယ်။

“ညနေပိုင်း ၃၊ ၄ နာရီလောက်မှာ ဖြစ်မယ် တန်ဂျာဟိုဘက်အကျော်မှာ ချောင်းကလေးရှိတယ်။ အဲ့ချောင်းနားမှာ ဖြစ်ကြတယ်။ လက်နက်ကြီးတွေကော အပြန်လှန်ပစ်ကြတယ်” လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦး ပြောပါတယ်။

လက်ရှိစစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့တန်ဂျာကျေးရွာဟာ ပူတာအိုမြို့နဲ့ KIA ထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်မြို့နှစ်ခုကြားမှာ ရှိတာဖြစ်ပြီး နှစ်ဖက်စစ်ဆိုင်ထားတဲ့ အနေအထားမှာ ရှိနေတာကြောင့် မကြာခန ထိတွေ့တိုက်ပွဲ ဖြစ်လေ့ရှိကြောင်း သိရပါတယ်။

“တန်ဂျာမှာက စစ်တပ် ထိုင်ထားတယ်။ တန်ဂျာချောင်းကျော်တာနဲ့ တစ်ဖက်ကမ်းမှာက KIA နဲ့ PDF တွေရှိတယ်။ ဆွမ်ပရာဘွမ်ဘက်ခြမ်းပေါ့။ သူတို့က ဟိုဘက်ခြမ်း ဒီဘက်ခြမ်းပဲ တခါတလေ လက်နက်ကြီးနဲ့ လှမ်းထုတယ်။ တန်ဂျာဘက်ကနေ”လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ ပူတာအိုမြို့နဲ့ ၁၂ မိုင်အကွာမှာရှိတဲ့ မချမ်းဘော့မြို့အထက်ဘက် ထန်ဂါးကျေးရွာအနီးမှာ KIAပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်၊တန်ဂူးတန်ပြည်သူ့စစ်ပူးပေါင်းတပ်တွေကြား သုံးနာရီကျော်ကြာတိုက်ပွဲပြင်းထန်ခဲ့ကြောင်း ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

“၁၃ ရက်နေ့မှာ မချမ်းဘော့မြို့နယ် ထန်ဂါးကျေးရွာအနီးမှာရှိတဲ့ ချန်ခချောင်းမှာ KIA၊ KPDF ပေါင်းတပ်နဲ့ စစ်ကောင်စီက လက်အောက်ဌာနေပြည်သူ့စစ်တပ်နဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့မှုဖြစ်တယ်။ သုံးနာရီလောက် ကြာတယ်”လို့ သူက ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့က ထန်ဂါးကျေးရွာအနီးတိုက်ပွဲ ဖြစ်ပွားပြီးနောက် ထန်ဂါးကျေးရွာ အရှေ့ဘက်ခြမ်းက အများပြည်သူသွားလမ်းကို စစ်တပ် ထိန်းချုပ်ထားပြီး လမ်းပိုင်းပိတ်စို့ထားတာတွေ ရှိနေကြောင်း သိရပါတယ်။

ပူတာအိုမြို့ပတ်လည်မှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားလာနေတာနဲ့အမျှ ပြည်သူတွေအနေနဲ့ စစ်ရေး သတိရှိထားသင့်ကြောင်း ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရှိန်မြင့်နေတော့ ကွက်ပြီးတော့ ဖြစ်တာတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် တနိုင်ငံလုံးအတိုင်းအတာအရ ပြည်သူတွေကတော့ စစ်ရေးသတိကတော့ ရှိရမှာပဲ အခုချိန်မှာတော့ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုအနေနဲ့ စစ်ရေးသတိထားတာပေါ့။ အကောင်းဆုံးပါပဲ”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က ပူတာအိုမြို့ပေါမှာ စစ်တပ်နဲ့ တန်ဂူးတန်ပြည်သူ့စစ်ကို ထောက်ခံတဲ့ ရဝမ်လူမျိုးတစ်စုက KIA နဲ့ KPDF ပူးပေါင်းတပ်တွေကို တိုက်ပွဲဆင်နွဲနေတဲ့ စစ်တပ်နဲ့ တန်ဂူးတန်ပြည်သူ့စစ်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။

ယင်းဆန္ဒထုတ်ဖော်ပွဲအပြီးမှာပဲ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ ယူဆရတဲ့ Facebook

အကောင့်ပိုင်ရှင်အချို့က Facebook စာမျက်နှာပေါ်မှာ ပူတာအိုပြည်သူတွေ စစ်ရေးသတိရှိကြဖို့နဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့ စတဲ့ အသိပေး ရေးသားတာမျိုးတွေ ခပ်စိပ်စိပ်တွေ့လာရပြီးနောက်မှာပဲ အခုလို တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားလာနေတာ ဖြစ်ပါတယ်။

ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးမြို့နယ်ရှိ လန်ဟီဆင်ဒေသဘက်မှာလည်း စက်တင်ဘာ ၁၉ ရက်နေ့ကနေ စပြီး ၅ ရက်ခန့်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ထန်ခဲ့ပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ပူတာအိုခရိုင်ထဲက ဆွမ်ပရာဘွမ်မြို့နဲ့ ခေါင်လန်ဖူးမြို့နယ်ထဲ ပလာဟီဆင် မဆုတ်တမ်း ရှေ့တန်းခံစစ်စခန်းတို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...