စာသင်ကျောင်းများကို ဗုံးကြဲမှုကြောင့် နှစ်ပတ်အတွင်း ကလေး ၃၀ ထက်မနည်း သေဆုံး၊ ဒဏ်ရာရ

စာသင်ကျောင်းများကို ဗုံးကြဲမှုကြောင့် နှစ်ပတ်အတွင်း ကလေး ၃၀ ထက်မနည်း သေဆုံး၊ ဒဏ်ရာရ
Photo credit - Chinland Channel
Photo credit - Chinland Channel

စစ်ကောင်စီသည် နိုင်ငံအနှံ့က စာသင်ကျောင်းများကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေပြီး အောက်တိုဘာ ၁ ရက်မှ (အောက်တိုဘာ ၁၄) အထိ ဗုံးကြဲခံရမှုကြောင့် ကလေးသူငယ် အပါအဝင် ၈ ဦး သေဆုံးပြီး ၂၂ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၃ ရက်နေ့ တစ်ရက်ထဲတွင် ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်က စာသင်ကျောင်း ၂ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့၊ နေ့လည် ၁ နာရီခန့်တွင် ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းအနီး ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၉ နှစ် အရွယ် မောင်အစောမှာ ဗုံးစထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ထို့အတူ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရှမ်းမြောက်ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေရပြီး လုံခြုံမှုကင်းမဲ့နေကြောင်း ပြောဆိုကြသည်။

“လေယာဉ်သံ ကြားရင်တော့ ဘယ်နားပြေး ပုန်းမလဲ အရင်တွေးရတယ်။ စစ်တပ်က ဘယ်နေရာချလို့ ချမှန်းမသိ၊ စာသင်ကျောင်းလည်း ချတာပဲ၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းလည်း အလွတ်မပေးဘူး။ ဒီတော့ ကလေးတွေ စာသင်တဲ့ နေရာပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာ နေရင်ပဲဖြစ်ဖြစ် ဘယ်နေရာမှ လုံခြုံမှုမရှိဘူး” ဟု ကျောက်မဲမြို့နယ်က အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ အောက်တိုဘာ ၁၃ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်ကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗုံးကြဲမှုအတွင်း ကျောင်းတက်နေသည့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၁၂ အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ဆရာမတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဟားခါးဒေသခံ အမျိုးသားတစ်ဦးက “ဒီရက်ပိုင်းထဲ စာသင်ကျောင်းပဲ ပတ်ကြဲနေတာ တွေ့ရတယ်။ ကျောင်းတွေ ပိတ်ထားရတာပေါ့။ ဘာတပ်မှ တပ်စွဲတာလည်းမရှိ၊ ဘာလက်နက်ကိုင်မှလည်း မဟုတ်တဲ့ ကျောင်းသားတွေကိုပဲ ပစ်မှတ်ထား လိုက်ချနေတော့ ကျောင်းဖွင့်ထားလည်း ကျီးလန့်စာစားပဲ ရှိနေမှာ၊ ဘယ်သူမှ တက်ရဲမှာ မဟုတ်ဘူး” ဟု ပြောသည်။

ယင်းကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဟားခါးမြို့နယ်ရှိ စာသင်ကျောင်းအားလုံးကို ယာယီပိတ်ထားကြောင်း CDF-Hakha ဗဟိုကောင်စီက ထုတ်ပြန်ထားသည်။

ယင်းအပြင် အောက်တိုဘာလ ၈ ရက်ကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲခဲ့သဖြင့် ကျောင်းသား ၃ ဦးနှင့် အဆောင်နေ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး ၁၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

“ပြီးခဲ့တဲ့ ဆယ်ရက်အတွင်း မင်းတပ်ကို ဗုံးကြဲတာ ၅ ကြိမ်လောက်ရှိတယ်။ မတူပီကိုလည်း ကြဲတယ်။ စစ်ကောင်စီက လူမျိုးတုန်း သတ်နေတာ။ အဓိကတော့ သူတို့ မလုပ်ရဲတာ မရှိဘူး။ တိုက်ပွဲရှိတာ၊ မရှိတာ မသိဘူး။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတို့ဘာတို့ နားမလည်ဘူး။ ရှိသမျှ အကုန်ကြဲမယ်ပေါ့။ ကျနော်တို့ လုံးဝအုပ်ချုပ်ခွင့် မရစေရဘူးဆိုတဲ့ ပုံစံပေါ့” ဟု CB ပြောခွင့်ရသူ ဆလိုင်းယောမာန်က DMG ကို ပြောသည်။

ယင်းသို့ ဗုံးကြဲနေမှုများသည် ထိန်းချုပ်နယ်မြေများတွင် တော်လှန်ရေးတပ်များ လုံးဝအုပ်ချုပ်ခွင့်မပေးဆိုသည့် သဘောဖြင့် အငြိုးထားပြီး ပြည်သူများကို အကြောက်တရားသွင်းကာ တော်လှန်ရေးအပါ် စိတ်ပျက်လာအောင် အကြမ်းဖက်နေသည့် သဘောဖြစ်ကြောင်းလည်း ဆလိုင်းယောမာန်က ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်ကလည်း နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်းကျေးရွာ စာသင်ကျောင်းအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၂ ဦးသေဆုံးပြီး ကလေးငယ် ၆ ဦးအပါအဝင် ၉ ဦး ဒဏ်ရာရရှိခဲ့သည်။

တစ်ရက်ထဲတွင် သီ‌ပေါမြို့၊ အထက (၂) စာသင်‌ကျောင်းနှင့် ကျောင်းစုရွာ ဘုန်းကြီးကျောင်းတို့ကို စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းအပါအဝင်‌ ‌နေအိမ် ၁၃ လုံး ပျက်စီးခဲ့သည်။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကတည်းက နိုင်ငံတစ်ဝန်းလုံးမှာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စစ်ဘေးရှောင်စခန်း၊ ဈေးများအပါဝင် အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းလည်း ဖြစ်သည်။

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးတွင် စာသင်ကျောင်းများ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား/ ကျောင်းသူနှင့် ဆရာ/မ များ သေဆုံးဒဏ်ရာရရှိသူ ၁၈၀ ဦးထက်မနည်း ရှိလာနေကြောင်း DMG မှ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသားတစ်ဦးက “စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး ဦးတည်တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲကို ကြည့်မယ်ဆိုရင် ကျောင်းသားတွေ အများကြီး ဆုံးရှုံးနစ်နာတယ်။ ပြီးတော့ အသက်မပြည့်သေးတဲ့ ကလေးတွေကို ပစ်မှတ်ထားတယ်ဆိုတာ ပညာရေးကို နှောင့်နှေးအောင် လုပ်ပြီး မျိုးဆက်ဖြတ်တောက်လိုတဲ့ သဘောလို့ပဲ မြင်တယ်။ အခု စစ်တပ်တဲ့ လုပ်ရပ်ဟာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ နေရာတွေကို တိုက်ခိုက်မှု မလုပ်ဖို့ တားထားတဲ့ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်းကို ချိုးဖောက်ရာ ရောက်တယ်” ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အောက်တိုဘာလ ပထမအပတ် ထုတ်ပြန်ချက်တွင် စစ်ကောင်စီသည် ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ တစ်ဖက်တွင်လည်း အရပ်သားများအပေါ် ဦးတည်ကာ လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးမှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုစသည့် ကျူးလွန်မှုများကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာကြောင်း ဆိုထားသည်။

စာသင်ကျောင်းများနှင့် ကျောင်းသားများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကိုလည်း ကုသမဂ္ဂ၏ ကလေးများ ရံပုံငွေအဖွဲ့ (UNICEF) ကလည်း လုံးဝ ရှုတ်ချပြီး နိုင်ငံတစ်ဝန်းရှိ ကလေးသူငယ်များနှင့် ကျောင်းသားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများကို ရပ်တန့်ကြရမည်ဟု စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။

Most read this week

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...