CNF နှင့် နယူးဇီလန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ တစ်နေရာမှာ တွေ့ဆုံဆွေးနွေး

CNF နှင့် နယူးဇီလန်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ တစ်နေရာမှာ တွေ့ဆုံဆွေးနွေး

ချင်းအမျိုးသားတပ်ဦး (CNF) တာဝန်ရှိသူများနှင့် နယူးဇီလန်လွှတ်တော် ကိုယ်စားလှယ် (MPs) အဖွဲ့တို့ ထိုင်းနိုင်ငံတစ်နေရာမှာ လူသားစာနာမှု အကူအညီကိစ္စအပါအဝင် အချက် ၃ ချက်ကို အဓိကထား တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်က ထိုင်းနိုင်ငံတစ်နေရာမှာ နယူးဇီလန်လွှတ်တော်ကိုယ်စားလှယ် (MPs) ၃ ဦးနှင့် ချင်းအမျိုး သားတပ်ဦး (CNF) ၏ နိုင်ငံခြားဆက်ဆံရေးဌာန တာဝန်ရှိသူတို့ တွေ့ဆုံ ဆွေးနွေးကြခြင်း ဖြစ်သည်။

တွေ့ဆုံမှုတွင် စစ်ကော်မရှင်က ကျင်းပမည့်ရွေးကောက်ပွဲနှင့် ရလဒ်များကို ချင်းတော်လှန်ရေး အင်အားစုများက လက်ခံ အသိအမှတ်ပြုမည်မဟုတ်သည့်အပြင် နိုင်ငံတကာကလည်း လက်မခံရန် တောင်းဆိုဆွေးနွေးသည်ဟု သိရသည်။

“ဒီဟာက မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ပိုပြီးတော့ ရှုပ်ထွေးစေမယ်။ ဒီဟာက ငြိမ်းချမ်းစေမယ့် အဖြေလည်း မဟုတ်ဘူး။ ဒီရွေးကောက်ပွဲကိစ္စဟာ မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံက သဘောတူထုတ်ပြန်ထားတဲ့ ငါးချက်မှာလည်း မပါတဲ့ ဟာဖြစ်တယ်။ တကယ်ဆိုရင် အဲဒီ ငါးချက်ကို အရင်ဦးဆုံး အကောင်အထည်ဖော်သင့်တယ်ဆိုတာတွေ ဆွေးနွေးတယ်။ ပြီးတော့ ဒီရွေးကောက်ပွဲက ထွက်လာတဲ့ ရလဒ်တွေကို ကျနော်တို့ အသိအမှတ် လက်ခံမှာ မဟုတ်ဘူး။ အဲဒီအတိုင်း နိုင်ငံတကာကနေလည်း အသိအမှတ်ပြု လက်မခံဖို့ ဆွေးနွေးတာတွေ ရှိတယ်” ဟု CNF ပြောရေးဆိုခွင့်ရှိသူ Salai Van က ပြောသည်။

ဒုတိယအချက်မှာ တိုင်းနှင့်ပြည်နယ်များတွင် ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom – up Federalism) ချဉ်းကပ်မှုဖြင့် အကောင်အထည်ဖော်နေသည့် အုပ်ချုပ်ရေးယန္တရာ တည်ဆောက်မှုတွင် ချင်းပြည်နယ်တွင် အစိုးရယန္တရား အကောင်အထည်ဖော်နေမှုကို နယူးဇီလန်း အစိုးရအနေဖြင့် ပံ့ပိုးကူညီနိုင်ရန်ကိုလည်း ဆွေးနွေးထားသည်ဟု သိရသည်။

တတိယအချက်မှာ ချင်းပြည်နယ်အတွင်းနှင့် အိန္ဒိယ- မြန်မာနယ်စပ်မှာ စစ်ဘေးရှောင်နေရသော ချင်းစစ်ဘေးရှောင် ပြည်သူများအရေးနှင့် လူသားစာနာထောက်ပံ့ကူညီနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးထားသည်ဟု သိရသည်။

“ဒီဟာကျတော့ အထူးသဖြင့်က ချင်းမှာက လူသားစာနာမှု အကူအညီတွေက တခြားပြည်နယ်နဲ့ တိုင်းနဲ့ နှိုင်းယှဉ်ရင် ရတာ နည်းတယ်။ ကျနော်တို့ လူဦးရေ ထက်ဝက်က စစ်ဘေးရှောင်နေရတယ်။ ကျနော်တို့ ရတဲ့ ဟာက တော်တော် နည်းတယ်။ ဒါကို နိုင်ငံတကာအသိုင်းအဝန်းကလည်း ပိုပြီး ထိရောက်တဲ့ လူသားစာနာမှု အကူအညီတွေ ပံ့ပိုးနိုင်ဖို့ရယ်၊ နောက်တချက်က နိုင်ငံ တကာအသိုင်းအဝိုင်းအနေနဲ့ လာမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ကို တိုက်တွန်းနေတာဖြစ်ပါတယ်။ ဒါက နိုင်ငံတကာက တာဝန်ရှိသူတွေနဲ့ လက်တွဲ အကောင်အထည်ဖော်နေ တာဖြစ်ပါတယ်” ဟု Salai Van က ပြောသည်။

နယူးဇီလန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားညီညွတ်ရေးကောင်စီ (NUCC)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ကြားကာလကချင်နိုင်ငံ ရေးပူးပေါင်းဆေင်ရွက်မှုအဖွဲ့ (KPICT)၊ ပအိုဝ်အမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC ချင်းအမျိုးသားတပ်ဦး (CNF) တို့ အပါအဝင် တော်လှန်ရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသည်။

Photo credit - တော်လှန်ရေးတပ်ဖွဲ့

Most read this week

January 21, 2026
မလေးရှားနိုင်ငံအတွင်းက ချင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ဩစတေးလျနိုင်ငံ အထက်လွှတ်တော်အမတ်...
January 20, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဗလီကျောင်းတက်ရန်သွားသည့် ချင်းလူငယ်တစ်ဦးကို စစ်ကော်မရှင်တပ်က...
CHRO ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် တီမောသမ္မတတို့ တွေ့ဆုံပုံ။
January 19, 2026
ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင်...
January 17, 2026
အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ရန် စီစဉ်ဆောင်ရွက်မှုကို...