ရေကြည် ဒေသခံ ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ရေကြည် ဒေသခံ ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီး
Photo credit - CJ
Photo credit - CJ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ညောင်မှော်ကျေးရွာနှင့် သောင်တန်းကျေးရွာသား ၁၁ ဦးကို တော်လှန်ရေးတပ်များနှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ကျေးရွားသားများမှာ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး အာရက္ခတပ်တော်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်(PDF) များကို ရိက္ခာထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရေကြည်ဒေသခံ အမျိုးသားတစ်ဦးက “သူတို့ကို တော်လှန်ရေးတပ်တွေကို ရိက္ခာထောက်ပံ့မှု လုပ်တယ်ဆိုပြီးတော့ စက်တင်ဘာ ၂၉ ရက်နေ့ကတည်း စစ်တပ်နဲ့ ရဲက ဖမ်းဆီးသွားတာ။ အခုတော့ အမတ- ၃၄၄ ထဲမှာ ထိန်းသိမ်းထားတယ်လို့ သိရတယ်” ဟု ပြောသည်။

ယင်းဒေသခံများကို ရေကြည်မြို့နယ် မြောက်စမ်းကျေးရွာ အခြေစိုက် အမြောက်တပ်ရင်း အမတ(၃၄၄) တွင် ထိန်းသိမ်းထားပြီး မိသားစုများနှင့် တွေ့ခွင့်မပေးကြောင်းလည်း အခြေအနေသိသူများက ပြောသည်။

“အဆက်အသွယ်တော့ မရကြသေးဘူး။ သူတို့တွေက သာမန်ရွာသားတွေပဲ အိမ်မှာစားဖို့ ဝယ်ထားတဲ့ ဆန်တွေကို ရိက္ခာထောက်ပံ့တယ်ဆိုပြီး စစ်တပ်သတင်းပေးတွေ သတင်းသွားပေးကြတာကြောင့် ဖမ်းဆီးတာဖြစ်တယ်” ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူတို့၏ အမည်နှင့် အသေးစိတ်အချက်အလက်များကို DMG က စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိမှာ ရေကြည်မြို့နယ်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲပြင်းထန်မှု မရှိသော်လည်း မြောက်စမ်းအမြောက်တပ်အနီးတွင် ရံဖန်ရံခါ ပစ်ခတ်သံများ ကြားရကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် ရေကြည်နှင့် လေးမျက်နှာမြို့နယ်က တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ကျေးရွာများတွင်လည်း စက်သုံးဆီ လုံးဝပြတ်တောက်နေပြီး လက်ကျန်အချို့မှာလည်း ဈေးနှုန်း မြင့်တက်နေကြောင်း သိရသည်။

လေးမျက်နှာဒေသခံ အမျိုးသားတစ်ဦးက “တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ပုသိမ်-မုံရွာ ကားလမ်းမပေါ်မှာ စက်သုံးဆီ လုံးဝမရှိတော့ဘူး။ အထူးသဖြင့် ကားလမ်းအနောက်ဖက်ခြမ်းက ရွာတွေဆိုရင် စစ်ကောင်စီက စက်သုံးဆီသယ်ယူခွင့်လုံးဝကို ကန့်သတ်ထားတာကြောင့် ပြတ်တောက်နေတာ။ လက်ကျန် ဆိုင်တွေမှာလည်း ဈေးက ခေါင်ခိုက်နေတာ” ဟု ပြောသည်။

ပုသိမ်- မုံရွာကားလမ်းတစ်လျောက်နှင့် ကားလမ်းအနောက်ဖက်ခြမ်းကို စစ်ကောင်စီက စက်သုံးဆီသယ်ယူခွင့် လုံးဝကန့်သတ်ထားပြီး စားနပ်ရိက္ခာကိုလည်း အကန့်အသတ်ဖြင့်သာ သယ်ယူခွင့် ပြုထားခြင်းဖြစ်သည်။

လက်ရှိတွင် ပုသိမ်- မုံရွာကားလမ်းနံဘေးရှိ ကျေးရွာများတွင် စက်သုံးဆီ တစ်လီကို ကျပ်ငွေ ၁၀,၀၀၀ ကျော်အထိ ပေါက်ဈေး ရှိနေပြီး မြို့ပေါ်ထက် ဈေးနှုန်း ၃ ဆကျော်မြင့်တက်နေကြောင်း သိရသည်။

အာရက္ခတပ်တော်နှင့် မဟာမိတ်တပ်များက ပုသိမ်- မုံရွာကားလမ်းနှင့် လမ်း၏ အနောက်ဖက်ခြမ်းကို ထိန်းချုပ်ထားခြင်းဖြစ်ပြီး စစ်ကောင်စီက ကားလမ်း၏ အရှေ့ဖက်ခြမ်းကို ထိန်းချုပ်ထားဖြစ်သည်။

အာရက္ခတပ်တော်နှင့် မဟာမိတ်တပ်များက ဧရာဝတီတိုင်းတွင် ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူ၊ သာပေါင်းနှင့် ပုသိမ်မြို့နယ်တို့မှာ စစ်ရေးဖော်ဆောင်နေကြခြင်းဖြစ်ပြီး စစ်ကောင်စီ၏ တပ်စခန်း ၁၀ ခုမနည်းကို သိမ်းပိုက် ရရှိထားသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...