မြဝတီမြို့ တောင်ဘက်၊ လေးကေကော်မြို့သစ်နှင့် တိုက်ခိုက်အသိမ်းခံထားရသည့် စွယ်တော်အမြာက်ကုန်းကို ပြန်စခန်းထိုင်နိုင်ရေးအတွက် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းတပ် စစ်ကြောင်းများ ၄ ရက်အကြာ မြေပြင် တိုက်ပွဲ၌ အထိနာပြီး ရှေ့တိုးမရ ဖြစ်နေသေးသည်ဟု ကေအိုင်စီ ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
လေးကေကော်မြို့သစ်ဘက်သို့ စစ်တပ်က စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက် (ယနေ့) သတင်းရေးသားနေချိန်ထိ မစ်ဇိုင်းဒုံး၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်း၊ ဒရုန်းဗုံးသီးချ တိုက်ခိုက်ခြင်း စသည့် အလုံး ရေရာချီ ပစ်အားယူ လမ်းရှင်းဗျူဟာသုံးပြီး မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်နေခြင်း ဖြစ်သည်။
သို့သော် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ PDF မဟာမိတ် ပူးပေါင်းတပ်များက လက်နက်ကြီးနှင့် လေကြောင်းရန်ကို ဗျူဟာမြောက်ရှောင်ကွင်းပြီး စစ်တပ်မြေပြင်စစ်ကြောင်းကို ခုခံတိုက်ခိုက်လျက်ရှိရာ လက်ရှိ အချိန်ထိ ပဟိကလော်ကျေးရွာနှင့် ထီးမယ်ဝါးခီးကျေးရွာထိစပ် နယ်မြေအတွင်း စစ်တပ် စစ်ကြောင်း ပျက်လုနီးပါး အထိနာသွားသည်ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။
“လေးကေကော်နား ကပ်လာဖို့က မလွယ်ဘူး။ စွယ်တော်ကုန်း ပြန်ထိုင်ဖို့ တက်လာကြတာ၊ လာသမျှ စစ်သား ပစ်ချ နေရတယ်။ (ပစ) စစ်သားသစ်တွေကို ဆေးကျွေးတက်ခိုင်းတာမျိုး မြင်နေရတယ်။ အရင် ၂၂/၂၃ရက် မှာ စစ်ကြောင်းပျက်သလာက် ဖြစ်သွားပြီး လေကြောင်းရော ဒရုန်းရော၊ မစ်ဇိုင်းရော ဆက်တိုက်ပစ်လာတယ်။ ထီးမယ်ဝါးခီးနဲ့ ပဟိကလော်ရွာ ပြောင်းပင်ကုန်းဘက်မှာ ထိတွေ့ ဆက်ဖြစ်နေတယ်” ဟု KNLA စစ်ရေးသတင်း ရင်းမြစ်(တာဝန်ရှိသူ)က ပြောသည်။
မြဝတီ တောင်ဘက်သို့ စစ်တပ်က တပ်မ (၂၂)၊ (၅၅)၊ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်များစုဖွဲ့ ပြီး မြဝတီအခြေစိုက် (ခလရ ၂၇၅) တပ်၊ လက်ခတ်တောင် စစ်ကြောင်း၊
မေတ္တာလင်းမြိုင် စစ်ကြောင်း၊ မယ်ထော်သလေး စစ်ကြောင်းများဖြင့် မြဝတီ-ဝေါလေလမ်းပိုင်းကို စစ်ကြောင်းထိုးတိုက်ခိုက်နေခြင်း ဖြစ်သည်။
ထိုသို့ စစ်ကြောင်းထိုးနိုင်ရန် ဒေသတွင်းရှိ အပစ်ရပ် လက်နက်ကိုင်အဖွဲ့များ အကူအညီယူမှု ရှိနေသည်ဟု ကျယ်ကျယ် ပြန့်ပြန့် သတင်းထွက်ပေါ် နေကြောင်း သိရသည်။
“ခလရ ၂၇၅ က မစ်ဇိုင်းပစ်ထုတ်တာ ရေပူရွာက လူတွေရော မြဝတီမြို့ထဲကရော လက်နက်ကြီး ထွက်သံ/ ကျသံ အကျယ်ကြီးတွေ ကြားနေရတယ်။ စစ်သားတွေကတော့ မေတ္တာလင်းမြိုင်ဘက် BGF ကားတွေနဲ့ ဝင်ဝင် သွားတာ အိမ်ရှေ့မှာမြင်နေရတယ်။ လူနာတွေ ပြန်သယ်လာတာတွေလည်း တွေ့ရတယ်” ဟု လမ်းမတန်းနေ ဒေသခံ တစ်ဦးက ပြောသည်။
တိုက်ပွဲ ဖြစ်ချိန်တွင် စစ်တပ်ဒရုန်း တစ်စီး ဒေသတွင်း နာမည်ကျော် တရုတ်ငွေလိမ်လုပ်ငန်းများရှိရာ KKpark နေရာသို့ စက်တင်ဘာ ၂၄ ရက်နေ့တွင်ကျရောက်ပေါက်ကွဲခဲ့သေးသည်။ အလားတူ စက်တင်ဘာ ၂၄ ရက်နေ့တွင် မဲဆောက်မြို့ မယ်တောင်ကျေးရွာ၊ သောင်းရင်းမြစ်ဘေး သစ်တောစိုက်ခင်းနေရာသို့ စစ်တပ် လက်နက်ကြီးကျ ရောက် ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိကြောင်းသိရသည်။
စစ်တပ်စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများကြောင့် ဒေသတွင်းရှိ လေးကေကော် အပါအဝင် ကျေးရွာ ၈ ရွာခန့်မှ ဒေသခံများ သောင်းရင်းမြစ်ဘေး ယာယီ စစ်ရှောင် နေရာနှင့် မင်းလက်ပံကျေးရွာ အပြင်ဘက် သောင်းရင်းမြစ် ဘေး နေရာများတွင် အိမ်ထောင်စု ၁,၀၀၀ ကျော်ခန့် ကလေး၊ လူကြီး၊ သက်ကြီးရွယ်အိုများ အပါအဝင်လူ ဦးရေ ၃,၀၀၀ ကျော်ခန့် စစ်ဘေး ရှောင်နေထိုင်နေရကြောင်း ကေအိုင်စီ သတင်းရင်းမြစ် အသီးသီးထံမှ သိရသည်။







