ကချင်တွင် တိုက်ပွဲများဖြစ်၊ စစ်ကော်မရှင်က တပ်အင်အား တိုးချဲ့

ကချင်တွင် တိုက်ပွဲများဖြစ်၊ စစ်ကော်မရှင်က တပ်အင်အား တိုးချဲ့
Photo credit - တော်လှန်ရေးတပ်ဖွဲ့
Photo credit - တော်လှန်ရေးတပ်ဖွဲ့

ကချင်ပြည် ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်တို့တွင် စစ်ရေးတင်းမာမှုများနှင့်အတူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်က တပ်အင်အားတိုးချဲ့ဖြည့်တင်းမှုများ လုပ်ဆောင်နေသည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA က ပြောသည်။

ရွေးကောက်ပွဲမတိုင်ခင် ရှုံးဆုံးသွားသည့် နယ်မြေများအား ပြန်လည်ထိန်းချုပ်နိုင်ရေး ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်ဒေသတို့ကို စစ်ကော်မရှင်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု KIO ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေကတော့ ဗန်းမော်ဘက်က ခါတိုင်းပြောသလိုပေါ့ အမြဲတမ်း တိုက်ပွဲတွေ ရှိပါတယ်။ နောက်ဝိုင်းမော်ဘက်မှာ တိုက်ပွဲရှိပါတယ်။ ဖားကန့်ဘက်မှာ တိုက်ပွဲတွေ ရှိပါတယ်။ အဲဒီ ၃ နေရာ ကတော့ လောလောဆယ် ကချင်ပြည်နယ်မှာ တိုက်ပွဲအခြေအနေတွေ စစ်ရေးအခြေအနေကတော့ တင်းမာတဲ့ အနေအထား ဖြစ်ပါတယ်။ အခု လောလောဆယ်ကတော့ သူတို့လည်း ဒီဇင်ဘာလမှာ ရွေးကောက်ပွဲလုပ်မယ်လို့ အားလုံးအသိ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမရောက်ခင်မှာ သူတို့ ကချင်ပြည်နယ် တော်တော်များများမှာ သူတို့ က

မဲပုံးတွေထောင်နိုင်ဖို့ မဲရုံတွေထောင်နိုင်ဖို့ စစ်ရေးကနေ တော်တော်ကြိုးစားတဲ့ဟာမျိုး ကြိုးစားတာလို့ ကျနော် သုံးသပ်မိပါတယ်။”

တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ် ၃ မြို့နယ်ထဲ စစ်ကော်မရှင်တပ်က တပ်အင်အား ဖြည့်တင်းထားသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

“ဗန်းမော်ဘက်မှာကတော့ သူတို့ရဲ့ ၈ လပိုင်းမှာ သင်္ဘောဝင်တဲ့ အဲဒီနောက်ပိုင်းမှာ သင်္ဘောမှာ စစ်အင်အားတွေ လက်နက်အင်အားတွေ ဖြည့်ထားတယ်။ အဲဒါကြောင့် သူတို့က စစ်ဆင်ရေးတွေလည်း တော်တော် ပြင်းပြင်း ထန်ထန် သူတို့လှုပ်ရှားတာတွေ့ရပါတယ်။ ကျန်တဲ့ ဖားကန့်တို့ ဝိုင်းမော်တို့မှာကတော့ မပခ အင်အားတွေပဲ ဖြစ်မှာ။ အပြင်ကနေ စစ်အင်အားတွေ ဝင်လာတာကတော့ မကြားရသေးပါဘူး။” ဖားကန့်မြို့နယ်ထဲကို ကာမိုင်းဘက်မှ ဝင်လာသည့် စစ်ကော်မရှင် စစ်ကြောင်းမှာ ဖားကန့်ကို ဝင်ရောက်သွားပြီ ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖားကန့်ကို ဝင်ရောက်ရာ၌ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် လူနေရပ်ရွာများထဲ ပစ်ခတ်ခဲ့သည့်အတွက် အရပ်သား ပြည်သူ သေဆုံးမှုများ ရှိခဲ့သည်။

ထို့အပြင် ဗန်းမော်ဘက်တွင် နှစ်ဖက်ကြား စစ်ရေးတင်းမာမှုများနှင့် အတူ စစ်ကော်မရှင်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်မှုများကို ဆက်တိုက် လုပ်ဆောင်နေသည်ဟု ဆိုသည်။

ဗန်းမော်မြို့က နေရာအချို့ကိုလည်း စစ်ကော်မရှင်တပ်က စက်တင်ဘာလ ဒုတိယပတ်မှစတင်၍ ပြန်လည် ထိန်းချုပ်နိုင်ပြီ ဖြစ်သည်ဟု KIO ပြောခွင့်ရက ဆိုသည်။

ဗိုလ်မှူးကြီး နော်ဘူက “သူတို့ကတော့ ထိန်းချုပ်နိုင်တယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အပြီးအပိုင်ပေါ့နော အားလုံး သူတို့ ထိန်းချုပ်တဲ့အနေအထားတော့ မရှိပါဘူး။ ကျနော်တို့ KIA နဲ့ ပူးပေါင်းတပ်တွေလည်း မြို့တွင်း မှာလည်း နဂိုအတိုင်း ရှိပါတယ်။ နောက် သူတို့ရဲ့တပ်စခန်းတွေ သူတို့ရဲ့ တပ်ရင်းဌာနချုပ် ပတ်ဝန်းကျင်မှာ လည်း ကျနော်တို့လည်း နေရာယူထားတာရှိပါတယ်။ ဆိုတော့ သူတို့လည်း ရှိတယ်။ ကျနော်တို့လည်း ရှိတာ ပေါ့။ အချင်းချင်း စောင့်ကြည့်တဲ့ အနေအထား ဖြစ်ပါတယ်ခင်ဗျာ” ဟု ပြောသည်။

စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဗန်းမော် သံချပ်ကာကားတပ်ရင်းနှင့် ခလရ ၂၃၆ ကို ပြန်လည်ထိန်းချုပ်ထားပြီဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကော်မရှင်တပ်က ကချင်ပြည်အပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၎င်းတို့ ရှုံးဆုံးထားရသည့် နယ်မြေများကို ရွေးကောက်ပွဲ မတိုင်မီ ပြန်လည်ရယူနိုင်ရေး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ပြန်လည်ရယူဖို့ ကြိုးစားနေသည့် နယ်မြေများ၌ ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု တော်လှန်ရေး အင်အားစုများက ပြောသည်။

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...