ရခိုင်ပြည်၊ ပေါက်တောမြို့နယ်မှ ငါးဖမ်းထွက်သည့် ဒေသခံ ၇ ဦးကို အကြမ်းဖက်ရေတပ် စစ်ရေယာဉ်တစ်စီးက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ ချောင်းဝရွာနှင့်ကုန်တန်းရွာက ဒေသခံရေလုပ်သားများ ဖြစ်ကြပြီး လက်ရှိမှာ သူတို့အား စစ်တွေမြို့အခြေစိုက် အမှတ်(၁)ရဲစခန်းသို့ ပို့ဆောင်ထိန်းသိမ်းထားကြောင်း သိရသည်။
စက်တင်ဘာ ၁၆ ရက်နေ့က ပင်လယ်ပြင်သို့ ငါးဖမ်း ထွက်သည့်ပေါက်တောဒေသခံများစီးလာသည့် စက်လှေ ၃ စီးကို စစ်တွေပင်လယ်ပြင်တွင် ရပ်နားထားသည့် အကြမ်းဖက်နေဗီမှ သေနတ်များဖြင့် ပစ်ခတ်ပြီးလှမ်းခေါ်ကာ စပိဘုတ်များဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု စစ်တွေဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။
“ညနေပိုင်းမှာဖမ်းတာ။ စစ်တွေနဲ့ပေါက်တော ပင်ပင်လယ်ကြားမှာ စကစ နေဗီတွေက အရင်ကတည်းက သွားလာ လှုပ်ရှားနေတာတွေ ရှိတယ်။ အခုဆိုပိုဆိုးပေါ့။ နေ့စဉ်နဲ့အမျှ ဖမ်းနေတာ။ နေဗီနဲ့ နီးရင်လည်း ဖမ်း။ မနီးရင်လည်း ဖမ်း။ သူတို့က မှန်ပြောင်းတွေနဲ့ ကြည့်ထားတာ” ဟု ပြောသည်။
ဒေသခံငါးဖမ်းသမားများမှာလည်း ဝမ်းရေးခက်ခဲသဖြင့် အန္တရာယ်ကြားတွင် အသက်စွန့်ပြီး ငါးဖမ်းထွက်နေကြရသည်ဟု ဒေသအတွင်းက ငါးဖမ်းသမားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
“စစ်တွေမှာဆို မွတ်ဆလင်တွေကိုတော့ ဖမ်းခွင့်ပေးတယ်။ ရခိုင်ဒေသခံကငါးဖမ်းတာနည်းတယ်။ ခိုးထွက်ရင်လည်း မိရင်ဖမ်းတယ်။ ရခိုင်ဆိုအကုန်ဖမ်းတာပဲ။ လုပ်ကိုင်စားသောက်ဖို့အလုပ်တခုမှမရှိဘူး။ မလုပ်ရင်လည်းငတ်ဖို့ပဲရှိတယ်။ ငတ်ရင်ဒုစရိုက်တွေပေါလာဖို့ပဲရှိတယ်" ဟု ပြောသည်။
ဒေသခံ ပြည်သူများအနေဖြင့်လည်း ငါးဖမ်းထွက်မည်ဆိုလျှင် ဒေသသတင်းများအား နားစွင့်ပြီးမှ သွားလာသင့်သည်ဟု (ULA/AA)နှင့် နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
“ပြည်သူတွေကို အမျိုးမျိုးအကြောင်းပြပြီး ဖမ်းတာတွေ ဆက်တိုက်လုပ်နေတယ်။ ဒေသခံတွေအနေနဲ့လည်း သတိထားသင့်တယ်။ သတင်းတွေနားစွင့်ပြီးမှ သွားလာသင့်တယ်" ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်၏ နေဗီသွားလာလှုပ်ရှားမှုရှိသည့် စစ်တွေ- ပေါက်တော၊ ဖရုံကာကျွန်း- ကျောက်ဖြူစသည့် ရေလမ်းကြောင်းတွင် ငါးဖမ်းထွက်နေသည့် ဒေသခံငါးဖမ်းစက်လှေများအနက် သုံးစီးကို အကြမ်းဖက်စစ်တပ်၏ နေဗီပေါ်ရှိ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။
ပေါက်တောမြို့နယ်၊ မြေငူကျွန်း၊ ဖဒူကျွန်း၊ အင်ကြင်းချိုင်ကျွန်း စသည့် ကျွန်းသုံးကျွန်းမှ ပြည်သူများသည် ရေလုပ်ငန်းဖြင့် အသက်မွေးကြသည်ဟု သိရသည်။
အဆိုပါ ငါးဖမ်းသမားများကို ပေါက်တောမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အကြား စစ်တပ်နေဗီများက မကြာခဏဖမ်းဆီးနေ၍ ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲကြုံနေရသည်ဟု ဒေသခံရေလုပ်သားများက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် AA နှင့် မြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ပြီး ရခိုင်ရေလုပ်သားများအား ပင်လယ်ပြင်တွင် ငါးဖမ်းခွင့်ကိုတင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး မကြာခဏ သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းများကို ပြုလုပ်နေသည်ဟု သိရသည်။
ယခုလ၁၇ ရက် ညနေ ၃ နာရီခန့်အချိန်တွင်လည်း စစ်တွေကမ်းခြေအနီး ရပ်တန့်ထားသည့် စစ်ရေယာဉ်တစ်စီးမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပေါက်တောဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်းအမျိုးသမီးမှာ ပေါက်တောမြို့နယ်၊ မင်းတဲကျေးရွာမှမလှသန်းနု(၂၅)နှစ် ဖြစ်ကြောင်း သိရသည်။
အဆိုပါနေ့ကအကြမ်းဖက်ရေတပ်မှပေါက်တောမြို့နယ်ဖက်သို့လက်နက်ကြီးအများအပြား ပစ်ခတ်ခဲ့ပြီး ထိုအထဲက လက်နက်ကြီးကျည်တစ်လုံးသည် မင်းတဲကျေးရွာ မြစ်ကမ်းစပ်အနီး ကျောက်ဆောင်ပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ကမ်းစပ်နားတွင် ဂုံးကောက်နေသည့် မလှသန်းအား လက်နက်ကြီးကျည်စ ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။







