ဖရူဆိုမှာ စစ်ကော်မရှင်ရဲ့ စစ်ယာဥ်တန်းအစီးရေ ၅၀ ကျော် ရောက်ရှိ၊ စစ်ဘေးရှောင်နဲ့ ဒေသခံတွေ စိုးရိမ်

ဖရူဆိုမှာ စစ်ကော်မရှင်ရဲ့ စစ်ယာဥ်တန်းအစီးရေ ၅၀ ကျော် ရောက်ရှိ၊ စစ်ဘေးရှောင်နဲ့ ဒေသခံတွေ စိုးရိမ်
photo credit - CJ
photo credit - CJ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင်တပ်ရဲ့ အခြေစိုက်တပ်စခန်းတွေဆီကို စက်တင်ဘာလ ၁၈ ရက် နေ့လည်ပိုင်းမှာ ကားအစီးရေ ၅၀ ကျော်ရှိတဲ့ စစ်ယာဉ်တန်း ရောက်ရှိလာတယ်လို့ ဖရူဆိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

အဆိုပါ စစ်ယာဉ်တန်းဟာ ဒီးမော့ဆိုမြို့နယ်ဘက်ကနေ ဖရူဆိုမြို့နယ်ဖက်ကို ဦးတည်လာတာ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

“ကားယာဉ်တန်းက ဖရူဆိုမြို့ထဲ ရောက်သွားပြီ မနေ့က နေ့လည် ၁၁ နာရီလောက်မှာ။ ဒီးမော့ဆိုဘက်ကနေ အစီး‌ရေတော်တော်များများ ဖရူဆို ဘက်ကို ဆင်းလာပါတယ်။ ဒီရက်လည်း တက်လိုက် ဆင်းလိုက် လုပ်နေတုန်းပါပဲ။ စစ်ရေးအခြေအနေက ပြောလို့မရသေးတဲ့ အခြေအနေမှာပါ။” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပြောပါတယ်။

အဆိုပါ စစ်ကော်မရှင်ရဲ့ စစ်ယာဥ်တန်း သွားလာနိုင်ဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လကစပြီး ဒီးမော့ဆို-ဖရူဆိုမြို့နယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ စစ်ကော်မရှင်တပ်သားတွေက လုံခြုံရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လူထုရှိတဲ့ ကျေးရွာတွေဖက်ကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းအန္တရာယ်ရှိနိုင်တာကြောင့် လုံခြုံရေး သတိရှိကြဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

“လက်နက်ကြီးက ရက်တိုင်းပါပဲ ပစ်တာက။ အင်အားထက် ရိက္ခာ၊ လက်နက် သယ်တာ။ လူက လမ်းမကြီး၊ ဘေးပတ်လည် တောင်ပေါ် နဲ့ ရွာတွေထဲမှာ ခြေကုပ်ယူထားတာ။ အဓိက ဖရူဆိုမြို့ဘေးနဲ့ လမ်းမကြီးဘေးက ရွာတွေကို လက်နက်ကြီးတွေ ပစ်တာပေါ့။”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်ထဲကို စစ်ယာဉ်တန်း အစီးရေ ၅၀ ကျော် ရောက်ရှိတယ်လို့ မျက်မြင်တွေ့ရသူတွေက ခန့်မှန်းကြပေမယ့် ယာဉ်တန်းတချို့က ဒီးမော့ဆိုနဲ့ ဖရူဆိုကို အတက်၊ အဆင်း လုပ်နေဆဲဖြစ်တာကြောင့် အရေအတွက် အတိအကျကို ခန့်မှန်းရခက်နေသေးတယ်လို့ ပြောပါတယ်။

အခုလို စစ်ကော်မရှင်တပ်ရဲ့ စစ်ယာဉ်တန်းတွေ ရောက်ရှိလာပြီး လက်နက်ခဲယမ်း၊ ရိက္ခာ ဖြည့်တင်းမှုရှိနေတာကြောင့် ဖရူဆိုဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ စိုးရိမ်ပူပန်မှု ရှိနေကြပါတယ်။

“စစ်ကော်မရှင်က ဖရူဆိုမြို့ထဲ ကားယာဥ်တန်း ရောက်ပြီလို့တော့ကြားတယ်။ စိုးရိမ်နေရတာပေါ့။ နေ့ရော ညရော ဘယ်ချိန်ထွက်လာမလဲ ဆိုတဲ့ စိတ်နဲ့။” လို့ စစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။

ဩဂုတ်လစကပြီး ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကော်မရှင်ဖက်က စစ်ရေးလှုပ်ရှားမှုရှိတာ၊ စစ်ယာဉ်တန်းပို့ဆောင်တာက လာမယ့် ရွေးကောက်ပွဲအတွက် နယ်မြေထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာတော့ စစ်ကော်မရှင်အခြေစိုက် ခမရ (၅၃၁) ၊ ခလရ ၄၂၈ ၊ အမှတ် ၁၄ တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းရှိပြီး မြို့မရဲစခန်းမှာလည်း တပ်စွဲအခြေစိုက်ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

March 25, 2026
စောအယ်ကညော — မိုးတိမ်တွေ အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးအောက်မှာ ထွန်စက်တွေနဲ့...
March 25, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ ခဲဝယ်ယူသူတွေ နည်းပါးလာတာကြောင့် ခဲတွေကို...
ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ KTV ( ကာရာအိုကေဆိုင် ) တနေရာကို တွေ့ရစဥ် ( ဓာတ်ပို့-CJ )
March 24, 2026
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ဖွင့်လှစ်ထားကြတဲ့ KTV (...
ဒီးမော့ဆိုအနောက်ခြမ်းက အခြေခံစားသောက်ကုန်တွေ ရောင်းချတဲ့ ဈေးတန်းကို တွေ့ရစဉ်
March 23, 2026
ကမ္ဘာ့အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် အာရှနိုင်ငံတွေအပြင်၊ ကမ္ဘာ့နိုင်ငံတချို့တွေကိုပါ စီးပွားရေး...