မောတောင်နယ်စပ်လမ်းတွင် ၉ လ ဆက်တိုက် တိုက်ပွဲများဖြစ်ပွား

မောတောင်နယ်စပ်လမ်းတွင် ၉ လ ဆက်တိုက် တိုက်ပွဲများဖြစ်ပွား
Photo credit - KNU
Photo credit - KNU

ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်သည့် တနင်္သာရီ- မောတောင်နယ်စပ် လမ်းကြောင်းပေါ်တွင် အချိန်ကာလ ကိုးလကြာသည်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

တိုက်ပွဲကာလ ကိုးလပြည့်ဖြစ်သည့် ယမန်နေ့ (စက်တင်ဘာလ ၁၈ ရက်နေ့)က သိန်ခွန်းရွာအနီး၌ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်ဘက်မှ နှစ်ဦးသေဆုံး၍ နှစ်ဦးထိခိုက်ဒဏ်ရာရကာ သေနတ်နှစ်လက်နှင့် ကျည်ဆန်များ၊ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ထား သည်။

“တိုက်ပွဲတွေကနေ့တိုင်းရှိတယ်။ အဓိကကတော့ စကစ(စစ်ကော်မရှင်)က ဒရုန်းတွေ သိသိသာသာ ပိုသုံးလာတယ်ဗျ။ စကစဘက်ကတော့ တော်တော်ထိခိုက်တာ များနေတယ်၊ ကျွန်တော်တို့ဘက်ကလည်း ထိခိုက်တာတွေ ရှိပါတယ်” ဟု ပူးပေါင်းတပ်မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ကစ၍ တနင်္သာရီ- မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအတိုင်း စစ်ကြောင်းထိုးလာရာမှ သိန်ခွန်းရွာအနီးတဝိုက်တွင် အဆိုပါစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ (စက်တင်ဘာလ ၁၈ ရက်)တွင် အချိန် ကိုးလပြည့်ခဲ့ပြီဖြစ်သည်။

စစ်ကော်မရှင်အနေဖြင့် တနင်္သာရီ- မောတောင်နယ်စပ်လမ်းကြောင်းကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ရေးသာမက မောတောင်မြို့ရှိ တပ်စခန်းအား အင်အားဖြည့်ရန်၊ တပ်အပြောင်းအလဲ ပြုလုပ်ရန်၊ ပျူစောထီးများအား လက်နက်တပ်ဆင်ရန်အတွက် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း ဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများကိုပါ အသုံးပြုခဲ့သလို မြေပြင်မှလည်း စစ်ကူများ မကြာခဏပေးပို့မှုများ ပြုလုပ်ခဲ့ကြောင်း ပူးပေါင်းတပ်တာဝန်ရှိသူက ပြော သည်။

ကိုးလကြာ တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဘက်မှသာမက KNLA ပူးပေါင်းတပ်ဘက်တွင်လည်း ၁၀ ဦးထက်မနည်း ထိခိုက်ကျဆုံးမှုရှိပြီး ဒဏ်ရာရထားခြင်းများလည်းရှိကြောင်း ပူးပေါင်းတပ် တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိအထိ စစ်ကော်မရှင်တပ်အနေဖြင့် မောတောင်မြို့အထိ ရှေ့တိုးနိုင်ခြင်းမရှိသေးဘဲ သိန်ခွန်းရွာ အနီးတဝိုက်တွင် ပိတ်မိနေကာ သိန်ခွန်း၊ ချောင်းနှစ်ပေါက်၊ ရေဖြူ၊ ထုံခါ စသည့် အနီးတဝိုက်ကျေးရွာများရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် အခိုင်အမာရှိသည့် အဆောက်အဦအကြီးများတွင် တပ်စွဲထားသည်ဟု ပူးပေါင်းတပ် တာဝန်ရှိသူများက ပြောသည်။

တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှု၊ စစ်ကော်မရှင်တပ်၏ ကျေးရွာအတွင်းတပ်စွဲထားမှု၊ အရပ်သားများအား ဖမ်းဆီးမှုတို့ကြောင့် အရပ်သားထိခိုက်မှုများလည်း ရှိခဲ့ကာ ထုံခါ၊ သိန်ခွန်း၊ ချောင်းနှစ်ပေါက်၊ ရေဖြူ၊ ညောင်ပင်ကွင်း၊ ထုံမခါ၊ ထုံတော်၊ ငါးမိုင်၊ ခြောက်မိုင်၊ ကွင်းသစ်၊ ဗောဓိကမ်း စသည့် ကျေးရွာတို့မှ ဒေသခံများလည်း စစ်ဘေးတိမ်းရှောင်နေကြရပြီး မိုးတွင်းကာလဖြစ်၍ ယခုကာလတွင် အမိိုးအကာ၊ ဆေးဝါး၊ ရိက္ခာ စသည်တို့ အကူအညီ ပိုမိုလိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင်လည်း သိန်ခွန်းရွာအနီးတဝိုက်၌ တိုက်ပွဲဖြစ်ပွားနေစဉ် လေကြောင်းပစ်ကူလာသည့် စစ်ကော်မရှင်တပ်၏ ဂျက်ဖိုက်တာတစီးအား KNLA ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ရာ လေယာဉ်ပျက်ကျခြင်းမရှိသော်လည်း ပျက်စီးမှုရှိသည်ဟု KNU တပ်မဟာ (၄) ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက မဇ္ဈိမကို ပြောကြားခဲ့ခြင်းရှိသည်။

မောတောင်မြို့သည် ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်ပြီး မောတောင်မြို့အတွင်း၌ စစ်ကော်မရှင်တပ်က နေရာယူထားပြီး မြို့ပြင်မှစ၍ သိန်ခွန်းရွာအနီးတဝိုက်အထိ တော်လှန်ရေးတပ်များက နေရာယူထားသည်။

မောတောင်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံ- ပရာကျွတ်ကရီခမ်ခရိုင်၊ ဆင်ခွန်းမြို့နှင့် ထိစပ်နေပြီး ၂၀၁၃ ခုနှစ်၊ မေလတွင် စတင်ဖွင့်လှစ်ခဲ့ကာ တိုက်ပွဲများ မပြင်းထန်ခင်ကာလအထိ ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတခုအဖြစ် အသုံးပြုနေဆဲဖြစ်သည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...