ရွှေကူမြို့နယ်က KIA ထိန်းချုပ်ရာနယ်မြေဘက် စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်၊ စစ်သင်တန်းတက်ရောက်နေသူ ၁၀ ဦးကျော် သေဆုံးဟုဆို

ရွှေကူမြို့နယ်က KIA ထိန်းချုပ်ရာနယ်မြေဘက် စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်၊ စစ်သင်တန်းတက်ရောက်နေသူ ၁၀ ဦးကျော် သေဆုံးဟုဆို

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ရာနယ်မြေကို စစ်ကော်မရှင်ဘက်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်သင်တန်းတက်ရောက်နေသူ ၁၀ ဦးကျော် သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ ညပိုင်းအချိန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ တပ်ရင်း (၁၂) တည်ရှိရာဘက်မှာ စစ်သင်တန်းပေးနေတာဖြစ်ပြီး စစ်ကော်မရှင်ဘက်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သင်တန်းတက်ရောက်နေသူ ၁၇ ဦး သေဆုံးခဲ့တယ်လို့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“စိတ်မကောင်းစရာပေါ့။ ရွှေကူဘက်က စစ်သင်တန်းပေးတဲ့ နေရာမှာဖြစ်တာလို့" ဆိုပါတယ်။

နီးစပ်သူပြောဆိုချက်အရ ဗုံးကြဲတိုက်ခိုက်တဲ့ အကြိမ်ရေကိုတော့ မသိရှိရပေမဲ့ သေဆုံးသူတွေအပြင် ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရရှိသူ (၁၉) ဦးရှိပြီး ပွန်းပဲ့ဒဏ်ရာရရှိသူကတော့ (၂၆) ယောက်ရှိတယ်လို့လည်း သိရပါတယ်။

အထက်ပါ သေဆုံးသူအရေအတွက်နဲ့ ဒဏ်ရာရရှိသူ အရေအတွက်ကိုတော့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာဟာ မှန်ကန်ပြီး သေဆုံးထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ အသေးစိတ် မသိရှိရသေးဘူးလို့ ဖြေကြားပါတယ်။

"လေကြောင်းကနေတော့ ကျနော်တို့ကြားတာက ပထမတစ်ကြိမ် ဗုံးကြဲတယ်။ နောက် ၁၀ မိနစ်လောက် ကြာတဲ့အချိန်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပြန်ဗုံးကြဲတယ်ဆိုတာ ကြားရပါတယ်။ လူထိခိုက်တာတွေကတော့ ကျွန်တော်တို့ဆီမှာ ခုထက်ထိ ဒေတာတွေတော့ မရောက်ဘူး။" လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးလုပ်နေတဲ့အချိန် ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ရွှေကူမြို့အနီး ဗန်းမော်မြို့မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာ အခုဆိုရင် ၉ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကာလအတွင်း စစ်ကော်မရှင်ကနေ နေ့တိုင်းလိုလို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

Most read this week

June 15, 2026
မြစ်ကြီးနားမြို့‌က လူငယ်အချို့ ဦးဆောင်ပြီး မြစ်ဆုံရေကာတာစီမံကိန်း အလိုမရှိကြောင်း Sticker...
June 13, 2026
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိမ်ခိုးတွေနဲ့ရစ်ပတ်နေတဲ့ ယူနန်တောင်တန်းကြီးတွေကြားမှာ...
June 12, 2026
စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မသင်တန်းပို့ခံရတဲ့ သူအရေအတွက်ဟာ ကချင်ပြည်နယ်မှာ ၄၆၉ ယောက်...
June 11, 2026
မြန်မာမှာ ကက်သလစ် သာသနာပိုင်နယ်မြေ ၁၇ ခု ရှိတဲ့အနက် နယ်မြေ ၅ ခုက ဘုန်းတော်ကြီးတွေဟာ...