ကျိုက်ထိုတွင် ဖမ်းဆီးခံရသော ရွှေလုပ်သားအချို့ ငွေပေး၍ ပြန်လွတ်

ကျိုက်ထိုတွင် ဖမ်းဆီးခံရသော ရွှေလုပ်သားအချို့ ငွေပေး၍ ပြန်လွတ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁)/ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတော ကျေးရွာမှ ဖမ်းဆီးခံရသော ရွှေကျင်လုပ်သား ၃၀ ကျော်အနက် ၁၀ ဦးကို ငွေပေးချေ၍ ယနေ့ နံနက်ပိုင်း တွင် ပြန်လွှတ်လာကြောင်း မြို့နယ်အခြေပြု သတင်းအရင်းအမြစ်များက ပြောသည်။

ငှက်ပျောတောကျေးရွာရှိ ရွှေလုပ်ကွက် (၆) ခုအား စက်တင်ဘာလ (၉) ရက်နေ့က စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးသွားပြီး ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်းချောင်းရဲစခန်းတွင် ထိန်းသိမ်းထားခြင်းလည်း ဖြစ်သည်။

“ဆယ်ယောက်ကျော်ဆက်တိုက်ရှိသလို နှစ်ယောက်တစ်ဖွဲ့နဲ့ဖမ်းမိတာတွေရော အားလုံးပေါင်း ၃၀ ကျော် ၄၀ နီးပါးရှိတယ် ဖမ်းခံရတာ။ အဲဒီထဲကမှ ပြန်လွှတ်ပေးတာ အသက်မပြည့်တဲ့ (၄) ယောက်နဲ့ လူကြီးက (၆) ယောက်။ အဲဒီလူကြီး (၆) ယောက်ကတော့ ပြန်လွတ်ဖို့သိန်း ၃၀ ပေးရတယ်။ ကလေးတွေကတော့ ခုထိ ပိုက်ဆံ ဘာညာ မပြောသေးဘူး။” ဟု ကိုယ်တိုင်ကြားသိရသူ ရွာခံအမျိုး သားတစ်ဦးက ပြောသည်။

အဆိုပါရွှေလုပ်ကွက်ပိုင်ရှင်များက စစ်ကောင်စီထံအခွန်မဆောင်ဘဲ ကေအဲန်ယူတပ်မဟာ(၁)ဘက်ကို အခွန်ဆောင်နေခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း ကေအိုင်စီ အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ ရွှေလုပ်သား ၂၀ ကျော်ကိုမူ နေပြည်တော်သို့ပို့ဆောင်ကိုင်တွယ် စေမည်ဟုလည်း တပ်တွင်းနီးစပ်သည့် သတင်းအရင်းအမြစ်က ပြောဆိုသည်။

“အစကတော့ ကင်မွန်းချောင်းရဲစခန်းမှာ ထားထားတာ။ ပြန်လွတ်တဲ့သူလွတ်နဲ့ အဲ့နောက် ကျန်တဲ့သူ တွေကတော့ နေပြည်တော်မှာပဲပို့လိုက်ပြီလို့ ကြားတယ်” ဟု အဆိုပါသတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာမှာရှိသည့် ရွှေလုပ် ကွက်ကို ဝင်ရောက်လာပြီး ရွှေလုပ်သားများနှင့်တကွ ၎င်းတို့မိသားစုဝင်များကိုပါ စစ်ကောင်စီက ဖမ်းဆီးသွားသည့် ဖြစ်စဥ်ရှိခဲ့သည်။

သတ္တုအမျိုးအစားတစ်ခုဖြစ်သည့် ရွှေတူးဖော်ရေးအတွက် တရားဝင်လုပ်ငန်းလိုင်စင်ရရှိရန် အစိုးရလက်အောက်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ အဆင့်ဆင့်ခွင့်ပြု မိန့်တင်ပြီးမှ လုပ်ငန်းလုပ်ကိုင်ခွင့် ရမည်ဟု သတ်မှတ်ထားသည်။ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်သည့် ဒေသများတွင်မူ သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းသို့ အခွန်ဆောင်၍လုပ်ကိုင်ခွင့်ရသည်။

ကေအဲန်ယူထိန်းချုပ်သည့် မွန်ပြည်နယ်ဘက်တွင်လည်း ကေအဲန်ယူထံအခွန်ဆောင်သော ရွှေလုပ်ကွက်များရှိသလို စစ်ကောင်စီထံအခွန်ဆောင်၍လုပ်ငန်း လုပ်ကိုင်ကြသူများရှိသည်ဟု သိရသည်။

Photo - Ayeyarwaddy (မန္တလေးက ရွှေလုပ်ကွက်တစ်ချို့)

March 5, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ အထင်ကရ ဇွဲကပင်တောင် ဆံတော်ရှင်ဘုရားပွဲတော်တွင် နယ်ခြား စောင့်တပ် (BGF...
March 4, 2026
ကရင်ပြည်နယ်၊ ဖားအံနှင့် မြဝတီမြို့တို့တွင် လူငယ်များကို ပစ်မှတ်ထား၍ ညအချိန် စစ်မှုထမ်းရန်...
March 2, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် (သရက်ချောင်း နယ်မြေ)သို့...
February 28, 2026
“စစ်ရှောင်တွေက အရမ်းကို အခက်အခဲ ဖြစ်နေတယ်။ သူတို့ကိုယ်တိုင် ရပ်တည်ဖို့က လုံးဝကို...