ကျောက်ဖြူတွင် စစ်ရေယာဉ်ထံဖမ်းဆီးခံရသည့် အမျိုးသမီးများအပါအဝင် ၂၀ ကျော် ပြန်လွတ်

ကျောက်ဖြူတွင် စစ်ရေယာဉ်ထံဖမ်းဆီးခံရသည့် အမျိုးသမီးများအပါအဝင် ၂၀ ကျော် ပြန်လွတ်

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ စစ်ရေယာဉ်တစ်စီးထံဖမ်းဆီးခံခဲ့ရသည့် စက်လှေပေါ်မှ အမျိုးသမီးများအပါအဝင် ၂၀ ကျော်သည် ပြန်လွတ်လာပြီး စက်လှေမောင်းသူ အမျိုးသားနှစ်ဦး ဆက်လက်ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

အမျိုးသမီးများအပါအဝင် ၂၀ ကျော်ကို စက်တင်ဘာ ၉ ရက်နေ့က ကျောက်ဖြူမြို့မရဲစခန်းမှတဆင့် လွှတ်ပေးလိုက်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

"အင်္ဂါနေ့က ပြန်လွတ်တယ်။ သူတို့ကို ရဲနဲ့စစ်သားတွေက နောက်တခါ ခွင့်ပြုချက်မပါဘဲ မသွားရဘူး။ သွားရင် ထောင်ချမယ်။ ဒီတခါတော့ လွှတ်ပေးလိုက်မယ်ဆိုပြီး ပြောပြီးလွှတ်တာ။ ဒဏ်ငွေတော့ နည်းနည်းပါးပါး ဆောင်ရတယ်လို့ ပြောတယ်"ဟု ပြောသည်။

လက်ရှိတွင် စက်လှေမောင်း၍လိုက်ပို့သူ အမျိုးသားနှစ်ဦးကို ဆက်လက်ဖမ်းဆီး စစ်ဆေးနေသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"စက်လှေမောင်းသူ၊ လူပို့ပေးတဲ့သူက သုံးယောက်လို့ပြောတယ်။ တစ်ယောက်က ဖမ်းကတည်းက ထွက်ပြေးသွားတယ်။ ဘယ်လို လွတ်သွားလဲတော့ မသိ" ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ဖြူတွင် အမျိုးသမီးများအပါအဝင် လူ ၂၃ ဦးလိုက်ပါလာခဲ့သည့် စက်လှေ တစ်စီးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်၊ ညနေပိုင်းက နယ်ဖက်သို့သွားစဉ် ကျောက်ဖြူမြစ်ဝပေါ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ်၏စစ်ရေယာဉ်တစ်စီးထံ ဖမ်းဆီးခံခဲ့ရပြီး ယင်းမှတဆင့် မြို့မရဲစခန်းသို့ပို့ ဆောင်ခဲ့ခြင်းဖြစ်သည်။

နိရဉ္စရာက စုံစမ်းချက်အရ ပွဲစားသုံးဦးဖြင့် အဆိုပါလူ ၂ဝ ကျော်ကို နယ်ဘက်သို့ပို့ဆောင်ခြင်းဖြစ်ပြီး ပွဲစားများမှာ လက်ရှိအချိန်ထိ ထွက်ပြေးပျောက်ဆုံးနေကြောင်းလည်း သိရသည်။

စက်လှေမောင်းသူများနှင့် ပွဲစားများမှာ ကျောက်ဖြူမြို့၊ ဆားပြင်ကွင်းရပ်ကွက်တွင်နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ပွဲစားများသည် ကျောက်ဖြူမြို့ပေါ်ရှိ ဒေသခံများကို နယ်ဘက်သို့ပို့ဆောင်ပေးရာတွင် မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရှိ ဌာနဆိုင်ရာအချို့နှင့် ပူးပေါင်းပြီး လုပ်စားနေကြသော်လည်း ရေတပ်နေဗီက ခွင့်ပြုမထားသည့်အတွက် ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

ထိုင်း၊ မလေးရှား၊ ရန်ကုန်များမှတဆင့် ရခိုင်သို့ လေကြောင်းခရီးဖြင့်ပြန်လာကြသူများသည် ကျောက်ဖြူမြို့ပေါ်တွင် ပိတ်မိနေကြသည်ဟု ဒေသခံများက ပြောသည်။

အလားတူ ကျောက်ဖြူမြို့နယ်မှ မြို့ပေါ်သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် ဒေသခံများလည်း ပိတ်မိနေကြသည်ဟု သိရသည်။

ကျောက်ဖြူမှတဆင့် မိမိနေရပ်မြို့နယ်များသို့ပြန်မည်ဆိုလျှင် ပွဲစားကို လူတစ်ဦးလျှင် ငွေကျပ် ငါးသိန်းခွဲကျော်အထိ ပေးရကြောင်း သိရသည်။

အဆိုပါပိတ်မိနေသူများအား အကြမ်းဖက်စစ်တပ်၏ ထောက်ခံချက်ခွင့်ပြုစာပါမှသွားခွင့်ပေးပြီး အချို့မှာ ငွေကြေးလာဘ်ထိုးလျှင် ထောက်ခံစာအရင်ရသည်ဟု ဒေသခံများက ပြောသည်။

အချို့မှာ ငွေမပေးနိုင်သဖြင့် တစ်လ၊ နှစ်လကြာသည်အထိ သွားလာခွင့်ထောက်ခံစာမရသေးဘဲ မြို့ထဲတွင် ပိတ်မိနေကြောင်း သိရသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...