ဖရူဆိုမြို့နယ် အစွန်ဖျားက ကျေးရွာနှစ်ရွာမှာ ကလေးတွေ အရေပြားယားယံမှု အဖြစ်များ

ဖရူဆိုမြို့နယ် အစွန်ဖျားက ကျေးရွာနှစ်ရွာမှာ ကလေးတွေ အရေပြားယားယံမှု အဖြစ်များ
Photo credit - CJ
Photo credit - CJ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်တောင်ဘက်ခြမ်းက ခေါပရာ (ခိုဘွာ)၊ စို့ခွတ် (တော်ခူ) ကျေးရွာ နှစ်ရွာမှာ နေထိုင်ကြတဲ့ ဒေသခံနဲ့ စစ်ဘေးရှောင် ကလေးတွေဟာ အရေပြားယားယံမှုတွေ အဖြစ်များနေတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကလေးတွေ တအားယားတော့ ကုတ်ရင်းနဲ့ သူ့ဟာ တဖြေးဖြေးနဲ့ ပွားလာတယ်။ တချို့ကလေးတွေကတော့ တလုံးတလုံး အရည်ကြည်ဖုနဲ့ပေါ့၊ ရွာထဲမှာ တော်တော်ဖြစ်ကြတယ်။”လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

အရေပြားယားယံသူတွေရဲ့ လူဦးရေ အချက်အလက်ကိုတော့ အတိအကျ မသိရှိပေမယ့် ကူးစက်မှုကြောင့် အဖြစ်များနေကြတယ်လို့ ဆိုပါတယ်။

အရေပြားယားယံမှု ခံစားရသူတွေဟာ ခန္တာကိုယ်အနှံ့ အနီစက်ထွက်တာ၊ ယားယံတာ၊ ပြည်တည်နာဖြစ်တာနဲ့ ရောင်ရမ်းတာ စတဲ့ လက္ခဏာဖြစ်ကြပြီး တချို့ကလေးငယ်တွေမှာ အနာအတွင်းကို ပိုးဝင်သွားတဲ့အထိ ဖြစ်ကြတာကြောင့် ခံနိုင်ရည်မရှိကြဘူးလို့လည်း ဆိုပါတယ်။

“တစ်ခါတစ်လေ သူ ကျောင်းသွားရင် သူယားလို့ သွားသွားကုတ်လာတော့ အရည်ထွက်တယ်၊ မကုတ်နဲ့ ပြောထားပေမယ့် ကလေးဖြစ်တော့ မခံနိုင်ကြဘူးလေး၊ ပိုးဝင်သွားတဲ့အထိ ဖြစ်တယ်”လို့ စစ်ဘေးရှောင်တစ်ဦးက ဆက်ပြောပါတယ်။

အခုလို အရေပြားယားယံမှု ဖြစ်ပွားနေတာ ၂လခန့် ရှိနေပြီဖြစ်ပြီး ဝေးလံခေါင်ဖျားတဲ့ဒေသဖြစ်တဲ့အတွက် ဆေးဝါးအကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရရှိသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဆေးရုံ၊ ဆေးခန်း သွားရောက်ပြသနိုင်ဖို့ ဒေသခံတွေ စစ်ဘေးရှောင်တွေအနေနဲ့ သွားလာရေး ခက်ခဲနေကြတာပါ။

နယ်လှည့်ဆေးကျန်းမာရေးအဖွဲ့ လာရောက်တဲ့အခါ ပြသကြပေမယ့် ယားယံမှုမပျောက်သေးတဲ့သူတွေကတော့ နီးစပ်ရာ ဆေးခန်းတွေမှာ လိမ်းဆေး သွားတောင်းရတယ်လို့ ဆိုပါတယ်။

အဆိုပါ ခေါပရာ (ခိုဘွာ)၊ စို့ခွတ် (တော်ခူ) ကျေးရွာ နှစ်ရွာမှာ ဒေသခံတွေအပြင် စစ်ဘေးရှောင်တွေလည်း လာရောက်နေထိုင်ကြပြီး အိမ်ခြေ ၆၀ နဲ့ လူဦးရေ ၂၀၀ ဝန်းကျင် ရှိပါတယ်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...