မွန်ပြည်နယ်မှာ နိုင်ငံရေးပါတီအများစု ခိုးကြောင်ခိုးဝှက်သာ လှုပ်ရှားနေရ

မွန်ပြည်နယ်မှာ နိုင်ငံရေးပါတီအများစု ခိုးကြောင်ခိုးဝှက်သာ လှုပ်ရှားနေရ

တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ မွန်ပြည်နယ်က ဒေသတချို့မှာ စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီအများစု ခိုးကြောင် ခိုးဝှက်သာ လှုပ်ရှားနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ဒေသတွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီစည်းရုံးရေးနဲ့ ပါတီလှုပ်ရှားမှု မရှိသလောက် နည်းပါးနေတာပါ။

တခြားဒေသတွေမှာတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေအနေနဲ့ ပါတီရုံးခန်း ဖွင့်လှစ်တာ၊ ပါတီဝင်အသစ်တွေ စည်းရုံးတာအပြင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကအစ ရွေးချယ်မှုတွေ ပြုလုပ်နေတာပါ။

ဘီးလင်းဒေသခံတစ်ဦးကတော့ ဒေသတွင်းမှာ ပါတီလှုပ်ရှားမှုတွေ သိပ်မတွေ့ရဘဲ တိုးတိုးတိတ်တိတ် ရုံးခန်းဖွင့်တာလောက်ရှိပြီး တချို့ကျေးရွာတွေမှာ လက်ရှိအချိန်ထိ မဲစာရင်းကောက်ယူတာ မရှိသေးဘူးလို့ ပြောပါတယ်။

“ပါတီတွေ လှုပ်ရှားမှုကတော့ ကျွန်တော် သိပ်မတွေ့သေးဘူး။ ကြိုကြားကြိုကြားတော့ တိုးတိုး တိတ်တိတ် ရုံးဖွင့်တာတို့ ဘာတို့တော့ တွေ့တယ်။ကျွန်တော်တို့ ဘီးလင်းမြို့နယ် အောက်ဘက်ခြမ်းပေါ့။ အမြန်လမ်းမကြီးပေါ့။ ပြည်ထောင်စု လမ်းမကြီး အောက်ဘက်ခြမ်းမှာရှိတဲ့ ရွာတွေမှာ မဲစာရင်းလည်း မကောက်ဘူး။မဲရုံလည်း မထားဘူးလို့ ကြားတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ဘီးလင်းမြို့နယ်မှာ ရွေးကောက်ပွဲကို မြို့ပေါ် ကွက်ကွက်လေးလောက်သာ လုပ်မယ့် အနေအထားကို တွေ့ရတာကြောင့် ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေးပါတီတွေကလည်း မြို့ပေါ်တွေမှာသာ ခိုးကြောင်ခိုးဝှက် လောက်သာ လှုပ်ရှားရဲတာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ရေးဒေသခံ တစ်ဦးကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒေသတွင်းမှာ စစ်ကော်မရှင်က ဒီဂျစ်တယ်စနစ်နဲ့ မဲထည့်တာတွေကို မိတ်ဆက် ပြတာလောက်သာရှိပြီး ပါတီတွေအနေနဲ့ သူတို့အန္တရာယ်ကြောင့် ပေါ်ပေါ်တင်တင် မလှုပ်ရှားရဲသေးဘူးလို့ ပြောပါတယ်။

“ဒီမှာက ဘာမှမရှိပါဘူး။ ဘယ်သူမှ ဘာမှ မလုပ်ဘူးပေါ့။ သူတို့ ရပ်ကွက်မှာတော့ သူတို့ ကွင်းဆင်း ပြီးတော့ ဒီဂျစ်တယ် စနစ်နဲ့ မဲထည့်မယ့်ဟာတွေကိုပဲ လိုက်ပြီးတော့ တွေ့ဆုံပွဲတွေ လုပ်တာပေါ့။ မိတ်ဆက်ပွဲလေးတွေ လုပ်တယ်။ ပါတီတွေက ပြောတာ ပြောတာပဲ အမှန်တကယ်တော့ ဘာမှမလှုပ်ရှားကြသေးပါဘူး။ သူတို့အန္တရာယ် သူတို့သိလို့ ဖြစ်မယ်”လို့ ဆိုပါတယ်။

ဒေသတွင်းက စစ်ကော်မရှင် အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်တွေမှာတော့ စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီအများစုက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ဆက်တိုက် လုပ်ဆောင်နေတာပါ။

မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသမီးပါတီ(မွန်)နဲ့ မွန်ညီညွတ်ရေးပါတီအပါအဝင် နိုင်ငံရေး ပါတီ ၁၁ ပါတီ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို မပူးပေါင်းပါဝင်ကြဖို့နဲ့ မရရတဲ့ နည်းနဲ့ ဆန့်ကျင်သွားမယ်လို့ သတိပေးထားပြီး သူတို့ထိန်းချုပ်ရာ ဒေသတွေမှာလည်း ရွေးကောက်ပွဲကို လုံးဝ လက်မခံဘူးလို့ ကြေညာထားပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...