ရခိုင်ပြည်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ၂ဝ၂၁ ခုနှစ်နှင့် ၂ဝ၂၂ ခုနှစ်ကာလအတွင်း ရခိုင်ပြည်တွင် မိုင်းပေါက်ကွဲမှု အနည်းငယ်သာရှိခဲ့သည်။ သို့သော် ၂ဝ၂၃ ခုနှစ်နောက်ပိုင်းတွင် ရခိုင်ပြည်အတွင်း မြို့သိမ်းတိုက်ပွဲများစတင်ဖြစ်ပွားပြီးနောက် မိုင်းပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို တဟုန်ထိုးမြင့်တက်လာခဲ့သည်။ ယခု ၂ဝ၂၅ ခုနှစ်အစပိုင်းမှစတင်ကာ ယခုအချိန်ထိ မိုင်းပေါက်ကွဲမှုများ သိသိသာသာတိုးလာနေသည်ကို တွေ့ရသည်။
အထူးသဖြင့် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည့် အနီးတဝိုက်နေရာများ၊ တောတောင်များ၊ တပ်စခန်းချခဲ့သည့်နေရာများနှင့် လူနေအိမ်များတွင် မိုင်းပေါက်ကွဲမှုများ ရှိလာနေခြင်းဖြစ်သည်။ မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဒေသခံအရပ်သားပြည်သူများအနေဖြင့် မိမိတို့၏ရပ်/ရွာများသို့ ဝင်ရောက်နေထိုင်ကြစဉ် ပေါက်ကွဲမှုဖြစ်နေကြခြင်းလည်းဖြစ်သည်။
ယင်းသို့ ပေါက်ကွဲရာတွင်လည်း မိုင်းနှင့်အတူ လက်ပစ်ဗုံးကဲ့သို့ စစ်အတွင်းကျန်ရစ်ခဲ့သည့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများ ပေါက်ကွဲမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။ နိရဉ္စရာသတင်းဌာနက ပြုစုထားသည့် စာရင်းအရ ယခုနှစ် ရှစ်လခန့်အတွင်း မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် ရခိုင်ပြည်ရှိ အမ်း၊ တောင်ကုတ်၊ မောင်တော၊ မြောက်ဦး၊ ဂွ၊ ပေါက်တော၊ မင်းပြား၊ သံတွဲနှင့် ကျောက်ဖြူ မြို့နယ်များတွင် အပြစ်မဲ့အရပ်သားပြည်သူ ၁၇ ဦးသေဆုံးပြီး ၇၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုအထဲတွင် ကလေးသူငယ်များ၊ ဆယ်ကျော်သက်လူငယ်များ၊ အမျိုးသမီးများ၊ လူကြီးပိုင်းများ၊ သက်ကြီးရွယ်အိုများလည်း ပါဝင်သည်။ ရှစ်လအတွင်း ပေါက်ကွဲမှုဖြစ်စဉ်များတွင် မိုင်းပေါက်ကွဲမှုဖြစ်စဉ်က အများဆုံးဖြစ်နေသည်ကို တွေ့ရသည်။
မိုင်းပေါက်ကွဲမှုအများဆုံးမြို့နယ်များမှာ အမ်း၊ တောင်ကုတ်၊ မောင်တော၊ မြောက်ဦး၊ ဂွ၊ ပေါက်တောနှင့် မင်းပြားမြို့နယ်တို့ဖြစ်သည်။ အဆိုပါမြို့နယ်များအနက် မိုင်းအများဆုံးရှိသည့်မြို့နယ်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)တည်ရှိခဲ့ရာ အမ်းမြို့နယ်ပင်ဖြစ်သည်ဟု ထိုမြို့နယ်မှ အမျိုးသားရေးလှုပ်ရှားနေသူ ဒေသခံတစ်ဦးက ပြောသည်။
"AA ထိန်းချုပ်ထားတဲ့ဒေသတွေထဲမှာ အမ်းမြို့နယ်မှာ မိုင်းက အများဆုံး။ အမ်းဟာ နပခရှိတဲ့ စစ်ဒေသဖြစ်သလို မြို့ပေါ်မှာတောင် တခြားမြို့ထက် မြေမြှုပ်မိုင်းတွေ အများကြီးရှိတယ်"ဟု ပြောသည်။
အမ်းမြို့နယ်အတွင်း နပခအပါအဝင် မြို့ပတ်ပတ်လည်၊ တိုက်ပွဲဧရိယာများနှင့် ဆက်စပ်သည့် ဒေသများမှ ဥယျာဉ်ခြံမြေများနှင့် ကားလမ်းဘေးများတွင် မြေမြှုပ်မိုင်းများ အများအပြား ထောင်ထားခဲ့သည်ဟု ဒေသခံများက ပြောသည်။ အထူးသဖြင့် အမ်း-တပ်တောင် တောင်ကျော်လမ်း၊ မအီကျော်လမ်း၊ ရိုးကျော်လမ်း၊ ကဇူးကိုင်းသွားလမ်း၊ အမ်းချောင်း ဒေသပတ်ဝန်းကျင်နှင့် ဥယျာဉ်ခြံမြေများတွင် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြသည်။ အလားတူ စစ်ကျန်လက်နက်နှင့်မိုင်းများကိုလည်း ဒေသခံအရပ်သားများ၏ ဥယျဉ်ခြံမြေများတွင် မြှုပ်နှံထားမှုနှင့် စွန့်ပစ်ခဲ့မှုများလည်းရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုထားသည်။
အမ်းသည် တောင်ပေါ်ဒေသတစ်ခုဖြစ်သည့်အတွက် ဒေသခံအများစုသည်လည်း ဥယျာဉ်ခြံမြေများဖြင့် အသက်မွေးကြသည်။ သို့သော် ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုအန္တရာယ်ကြောင့် ထိုဒေသခံများတွင် ဥယျာဉ်ခြံမြေများကို မလုပ်ကိုင်နိုင်ဘဲ စွန့်ပစ်ထားရသည်ဟု ပြောကြသည်။
အမ်းမြို့ခံအမျိုးသမီးတစ်ဦးက "ဟိုးအရင်ကတည်းက ဥယျာဉ်ခြံတွေစိုက်စားတာ။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့တဲ့မြို့နယ်လည်း ဖြစ်တယ်။ သီဟိုဠ်ခြံတွေလည်း ပေါတယ်။ အသီးအနှံလည်း ပေါတယ်။ အခု အဲဒီဥယျာဉ်တွေက မြက်တောတွေဖုံးဖိပြီး စွန့်ပစ်ထားရတော့ ပျောက်တောင်ပျောက်နေကြပြီ။ မြက်လည်း မခုတ်ရဲ၊ ခြံကိုလည်း မဝင်ရဲတော့ ဒီအတိုင်း ပစ်ထားရတယ်။ မိုင်းမရှင်းလင်းရသေးတော့ ဘာမှမလုပ်နိုင်သေးပါဘူး"ဟု နိရဉ္စရာကို ပြောဆိုထားသည်။
မြေမြှုပ်မိုင်းအမျိုးအစား နှစ်မျိုးရှိသည်။ လူသတ်မြေမြှုပ်မိုင်းနှင့် ယာဉ်ဖျက်မိုင်းတို့ဖြစ်သည်။ လူသတ် မြေမြှုပ်မိုင်းသည် ယခုလက်ရှိ ရခိုင်တွင်ပေါက်ကွဲမှုဖြစ်ပွားနေသည့်မိုင်းအမျိုးအစားဖြစ်သည်။ ယာဉ်ဖျက်မိုင်းကတော့ တင့်ကားများ၊ ထောက်ပို့ယာဉ်များစသည့် ယာဉ်များကို ဖျက်ဆီးရန်အတွက် ရည်ရွယ်ဖန်တီးထားသည့် မိုင်းအမျိုးအစားဖြစ်သည်။ အခြားမြေမြှုပ်မိုင်းများထက် အရွယ်အစား ပိုမိုကြီးမားပြီး ပေါက်ကွဲအားလည်း ပိုမိုပြင်းထန်တတ်သည်။
ရခိုင်ဒေသသည် တောတောင်များလည်း ပေါများပြီး တောင်ယာစိုက်ခင်းစိုက်သူများလည်း ပေါများလှသည်။ အလားတူ ယခုလိုမိုးတွင်းကာလဆို တောတောင်များသို့ သွားပြီး မျှစ်၊ ကတက်ဥနှင့် ရာသီပေါ် သစ်ဥ၊ သစ်ဖုများကိုလည်း သွားရောက်တူးဖော်ရောင်းချစားသောက်တတ်ကြသည်။ အကြမ်းဖက် မြန်မာစစ်တပ် တပ်စွဲနေထိုင်ခဲ့သည့် တောတောင်များနှင့် တပ်စခန်းများအနီးသို့လည်း သွားရောက် တူးဖော်နေကြရသည်။ ထိုနေရာများတွင် မိုင်းအန္တရာယ်ရှိသည်ဟုသိနေသော်လည်း လက်ရှိ စားဝတ်နေရေးကလည်း အလွန်ခက်ခဲနေကြသည့်အတွက် လက်လုပ်လက်စားပြည်သူများသည် အသက်အန္တရာယ်ကို မမှုဘဲ မိသားစုဝမ်းရေးအတွက် သက်စွန့်ဆံဖျား တူးဖော်ရောင်းချနေကြရခြင်းဖြစ်သည်။
ရခိုင်တွင် မိုင်းပေါက်ကွဲမှုဖြစ်စဉ်များကိုကြည့်လိုက်လျှင် လက်နက်ကိုင်တပ်ဖွဲ့များ တပ်စွဲခဲ့သည့် အနီးတဝိုက်နေရာများနှင့် တောတောင်များသို့ သစ်ဥ၊ သစ်ဖုသွားရောက်ခူးယူသူများ၊ တောင်ယာလုပ်ကိုင်ရန် သွားသူများ၊ ထင်းခုတ်၊ ဝါးခုတ်သွားသူများ၊ ကျွဲ၊ နွားသွားရောက် ကျောင်းသူများတွင် ထိခိုက်မှုအများဆုံး ဖြစ်နေသည်ကိုတွေ့ရသည်။ အလားတူ တိုက်ပွဲဖြစ်ပွားခဲ့သည့်ဧရိယာထဲရှိ လူနေအိမ်များအတွင်းတွင်လည်း မြေမြှုပ်မိုင်းများ မြှုပ်နှံထားခဲ့ကြသည်ကိုတွေ့ရသည်။ ထိုနေအိမ်များသို့ ဒေသခံများ ပြန်လည်ဝင်ရောက် နေထိုင်ကြစဉ် မိုင်းပေါက်ကွဲမှုဖြစ်၍ ထိခိုက်မှုများရှိနေသည်။
ရခိုင်မြို့သိမ်းတိုက်ပွဲအတွင်း ရခိုင်ပြည်၏ အရေးကြီးဆုံးသော အနောက်ဘက်နယ်စပ် မောင်တောမြို့ သိမ်းတိုက်ပွဲသည်လည်း အလွန်တရာ ပြင်းထန်ခဲ့သည်။ မောင်တောမြို့ရှိ နောက်ဆုံးလက်ကျန်တပ်ဖြစ်သည့် အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅)တဝိုက်နှင့် လူနေကျေးရွာများ၊ လူနေရပ်ကွက်များ၊ နေအိမ်များတွင် မြေမြှုပ်မိုင်းများကို စိတ်ကြိုက်ထောင်ထားခဲ့သည်ဟု ဒေသခံများက ပြောသည်။ မောင်တောမြို့နယ်အတွင်း ကျေးရွာ ၁၃ ရွာရှိသည့် ရွှေဇားအုပ်စုတွင် မြေမြှုပ်မိုင်းများကို အများဆုံးထောင်ထားခဲ့ကြသည်ဟု ဆိုသည်။ မောင်တောမြို့သိမ်းတိုက်ပွဲဖြစ်ပြီးနောက် အဆိုပါကျေးရွာအုပ်စုအတွင်း ဒေသခံများ ပြန်လည်ဝင်ရောက် နေထိုင်ကြစဉ် မိုင်းပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ရှိလာခဲ့သည်ဟု မောင်တောဒေသခံ ဦးအောင်ကျော်မင်းက ပြောသည်။
“အများစုဟာ ရွှေဇားကုန်းနားမှာ မိုင်းဟာ အများဆုံး ပေါက်ပြီးတော့ မွတ်ဆလင်တွေ ထိခိုက်မှု အရမ်းများခဲ့တယ်။ အနည်းဆုံးမရှိရင်လည်း လူအယောက် ၁ဝ ကျော်၊ ၂ဝ နီးပါးလောက် ခြေပြတ် အဲလိုဖြစ်ပွားခဲ့တာရှိတယ်။ ဘာဖြစ်လို့ အဲလိုဖြစ်ပွားရလဲဆိုတော့ ဒေသခံတွေက အဲလိုဝင်လာပြီးတော့ စားဝတ်နေရေးအခက်အခဲကြောင့် ငါးရှာဖို့သွားကြတယ်။ အဲလို တာတွေမှာ ထောင်ထားတဲ့ဟာတွေကို နင်းမိတယ်။ ငါးမရှာရင်လည်း မစားရဘူး။ အဲလို။ မိုင်းရှိတယ်ဆိုရင်လည်း မသွားနဲ့ တားထားရင်လည်း ကိုယ်တို့ဘက်က စာတွေ ကပ်ထားတယ်။ ဥပမာ မိုင်းအန္တရာယ်ရှိသည် အဲလိုစာတွေကပ်ထားရင်လည်း လိုက်နာမှုအားနည်းတယ်”ဟု ပြောသည်။
ရခိုင်တွင် မိုင်းကြောင့် ထိခိုက်သေဆုံးသူများတွင် အဓိကအားဖြင့် တောတောင်များကို မှီခိုလုပ်ကိုင် စားသောက်နေရသည့် ကျေးလက်နေပြည်သူများဖြစ်သည်ကိုတွေ့ရသည်။ ထိုကျေးလက်နေပြည်သူများ မိုင်းအန္တရာယ်ကင်းရှင်းစေရေး မိုင်းနှင့်ပတ်သက်သည့် အသိပညာပေးရေးကဏ္ဍသည်လည်း မရှိမဖြစ် လိုအပ်လျက်ရှိသည်။
ဂွမြို့နယ်မှ ရခိုင်လူငယ်တစ်ဦးက “ကျနော့်အမြင်ကတော့ မိုင်းဧရိယာဇုန်တွေကို သတိပေးတဲ့ လက်ကမ်းစာစောင်တွေ ဖြစ်စေ။ နံရံကပ်စာစောင်တွေဖြစ်စေ။ အဲလိုမျိုးလိုက်လုပ်နိုင်မယ်ဆိုရင်တော့ ထိရောက်မှုရှိပါတယ်။ တောတောင်ကို မှီခိုနေတဲ့ မိသားစုဝင်တွေ၊ တချို့မိသားစုတော်တော်များများကိုလည်း သတိပေးဟောပြောပွဲလိုက်လုပ်တာမျိုးတွေ။ သူတို့နဲ့တွေ့ဆုံပြီးတော့ သတိပေးစကားတွေ ပြောဖို့လိုပါတယ်။ ဒါတွေကို အရပ်ဘက်အဖွဲ့အစည်းတွေက တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုရင်တော့ မိုင်းကြောင့် ထိခိုက်မှုတွေ နည်းသွားပါလိမ့်မယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၅ဝ ဦးခန့်သာရှိခဲ့သည်။ သို့သော် ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၄ ခုနှစ်အထိ ထိခိုက်ဒဏ်ရာရသူ ၂၉၉၈ ဦးအထိ စံချိန်တင် တိုးလာခဲ့သည်ဟု ကုလသမဂ္ဂ နိုင်ငံတကာကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့(UNICEF)နှင့် ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့တို့၏ စစ်တမ်းများအရ သိရသည်။ ယခုကဲ့သို့ တစ်နှစ်ထက်တစ်နှစ် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူဦးရေ တိုးလာနေသည့်အတွက် ကမ္ဘာပေါ်တွင် မိုင်းကြောင့် ထိခိုက်သေဆုံးမှုအများဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံပါဝင်နေပြီဖြစ်သည်။
ရခိုင်တွင်လည်း ၂ဝ၁၈ ခုနှစ်မှစတင်ကာ ၂ဝ၂ဝ ပြည့်နှစ်အထိ တိုက်ပွဲများဖြစ်ပွားပြီးနောက် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။ ယင်းကာလအတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများကလည်း တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများအနီးရှိ ကျေးလက်တောရွာများသို့ ကွင်းဆင်းပြီး မိုင်းအသိပညာပေးရေးအစီအစဉ်များကို ပြုလုပ်နိုင်ခဲ့ကြသည်။ ထိုအစီအစဉ်များက ဒေသခံပြည်သူများအတွက် အလွန်ပင် အကျိုးရှိခဲ့သည်။ သို့သော် ၂ဝ၂၁ ခုနှစ်နောက်ပိုင်းမှစတင်ကာ လက်ရှိအချိန်ထိ ရခိုင်တွင် မိုင်းအသိပညာပေးရေးသင်တန်းများ၊ ဟောပြောပွဲများ၊ အစီအစဉ်များကို ပြုလုပ်ပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းများ မရှိသလောက်ပင်ရှားနေသည်။ လုံခြုံရေး၊ ဆက်သွယ်ရေးကွန်ရက်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ငွေကြေးစသည့်အခက်အခဲတို့ကြောင့် ယခုကဲ့သို့ လုပ်ဆောင်နိုင်မှုမရှိကြခြင်းဟု ဆိုကြသည်။
လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့က ဦးဇော်ဇော်ထွန်းက “ပထမတစ်ခုက အသိပညာပေးလုပ်ငန်းတွေကိုတောင်မှပဲ ကျနော်တို့က ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ကြဘူး။ ဥပမာဆိုပါစို့။ ကျနော်တို့ နောက်ဆုံးတိုက်ပွဲတွေ ဆင်နွှဲခဲ့ကြတဲ့ အမ်း စစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့လိုနေရာမျိုးတွေ၊ နောက်ပြီးတော့မှ နယ်စပ်မြို့ဖြစ်တဲ့ မောင်တောလိုနေရာမျိုးတွေက တိုက်ပွဲတွေ တော်တော်လေး ပြင်းထန်ခဲ့တဲ့နေရာမျိုးဖြစ်တယ်။ အဲဒီလိုနေရာမျိုးတွေမှာ မိုင်းအသိပညာပေးလုပ်ငန်းတွေလုပ်ဖို့အတွက်က ကန့်သတ်ချက်တွေ အများကြီးရှိတယ်။ သွားလာရေးအခက်အခဲ၊ ဆက်သွယ်ရေးအခက်အခဲ၊ နောက်ပြီးတော့မှ လုံခြုံရေးအတွက် စဉ်းစားရတဲ့ ကိစ္စရပ်မျိုးတွေကြောင့် ကန့်သတ်ထားတဲ့ ကိစ္စမျိုးတွေလည်း အများကြီးရှိတယ်။ အဲဒီအခါမှာ အသိပညာပေးမှုလုပ်ငန်းအဆင့်မှာတောင်မှပဲ အကန့်အသတ်တွေက အရမ်းကိုများတယ်”ဟု ပြောပြသည်။
တစ်ဘက်တွင်လည်း AA က ရခိုင်ရှိ လွတ်မြောက်မြို့နယ်များတွင် မိုင်းရှင်းလင်းပေးမှုများကို တစိုက်မတ်မတ် ပြုလုပ်ပေးလျက်ရှိနေသည်ကို တွေ့ရသည်။ ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်အပါအဝင် နပခတည်ရှိခဲ့ရာ အမ်းမြို့နယ်နှင့် မောင်ရွှေလေးရေတပ်တည်ရှိခဲ့ရာ သံတွဲမြို့နယ်တို့တွင်ဆိုလျှင် တစ်မြို့နယ်လျှင် မိုင်းအလုံးရေထောင်နှင့်ချီ ရှင်းလင်းနိုင်ခဲ့ပြီဟု AA နှင့်နီးစပ်သည့်သတင်းရင်းမြစ်များက ဆိုသည်။
“ဒီလိုမိုင်းတွေ ထောင်ထားတာကို AA က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေဆီက သိရတာတွေလည်း ရှိတယ်။ သူတို့ ပြောတဲ့နေရာတွေကို AA တပ်ဖွဲ့ဝင်တွေက အဓိက မိုင်းဖော် ရှင်းပေးတယ်။ တပ်ရင်း၊ ကာကင်းတွေ၊ လမ်းတွေပေါ့”ဟု AA နှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောပြသည်။
လက်ရှိတွင် ရခိုင်ရှိ လွတ်မြောက်မြို့နယ်များအတွင်း AA က မိုင်းသတိပေးထားသည့် ဗီနိုင်းဆိုင်းဘုတ်များကို စိုက်ထူထားသည်ကို တွေ့ရသည်။ ယင်းအပြင် ဒေသခံပြည်သူလူထုကိုလည်း AA က မိုင်းအသိပညာပေး ဟောပြောခြင်းများနှင့် မိုင်းအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကိုလည်း နိုင်သလောက် ပြုလုပ်ပေးလျက်ရှိနေသည်။ သို့သော် ပြည်သူများ လိုက်နာမှုအားနည်းနေသည့်အတွက် မိုင်းကြောင့် ထိခိုက်သေဆုံးမှုများ ဆက်ရှိနေဆဲဖြစ်သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်က အွန်လိုင်းမှပြုလုပ်သွားခဲ့သည့် ULA/AA ၏ ၁ဝ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။
“နေ့တိုင်း မိုင်းကြောင့် ပြည်သူတချို့သေဆုံး၊ ဒဏ်ရာရတာ ရှိနေပါသေးတယ်။ အဲဒါကြောင့် အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ မိုင်းအန္တရာယ်ကို အထူးဆင်ခြင်ကြဖို့၊ မိုင်းသတိပေးတာတွေကို တိတိကျကျလိုက်နာကြဖို့၊ အထူးဂရုစိုက်သွားလာကြဖို့ကို ထပ်လောင်းအသိပေးပြောကြားလိုပါတယ်”ဟု ပြောဆိုခဲ့သည်။
မြေမြှုပ်မိုင်းဆိုသည့်အရာသည် လူကို ဒဏ်ရာအပြင်းအထန်ရရှိစေနိုင်သလို သေဆုံးသည်အထိလည်း ဖြစ်ပေါ်စေနိုင်သည်။ မိုင်းနင်းမိလျှင် ခြေထောက်ပြတ်လျှင်ပြတ်၊ မဟုတ်လျှင် ပြင်းထန်ဒဏ်ရာရပြီး အသက်သေစေနိုင်သည်ပင်။ ကံကောင်းထောက်မ၍ အသက်မသေခဲ့လျှင်လည်း ခြေပြတ်၊ လက်ပြတ်ဖြင့် ဒုက္ခတဘဝကို ချက်ချင်းရောက်သွားစေနိုင်သည်။ ယင်းသို့ ဖြစ်သွားလျှင် ဒုက္ခတိဘဝဖြင့် ဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင်ကျော်ဖြတ်ကြရပေလိမ့်မည်။ နဂိုကမှ စစ်ဘေးကြောင့် ဒုက္ခပေါင်းစုံခံစားနေကြရချိန်တွင် ယခုတစ်ခါ မိုင်းပေါက်ကွဲမှုကြောင့် ခြေပြတ်၊ လက်ပြတ်ဖြစ်သွားလျှင် တစ်ပူပေါ် နှစ်ပူဆင့်ဆလိုဖြစ်သွားပေလိမ့်မည်။ ယင်းကြောင့် မိုင်းအန္တရာယ်ကို အထူးသတိထားရန် လိုအပ်ပေသည်။
မိုင်းကြောင့် လူမျိုး၊ ဘာသာ၊ ကလေး၊ လူကြီး၊ အသက်အရွယ်မရွေး ထိခိုက်သေဆုံးနိုင်သည်။ စစ်သား၊ ဘုန်းကြီး၊ အရပ်သား၊ ဆရာဝန်၊ လယ်သမားနှင့် အခြား လူပေါင်းစုံတို့လည်း မိုင်းကြောင့် ထိခိုက်သေဆုံးနိုင်သည်။ သူက စစ်သားဖြစ်၍၊ သူက တော်လှန်ရေးတပ်သားဖြစ်၍၊ သူက ကုန်သည်ဖြစ်၍ဆိုပြီး မိုင်းမထိနိုင်ဟု မထင်ပါလေနှင့်။ မိုင်းကြောင့် သေ၊ မိုင်းကြောင့် ကြေမွသွားသည့်ဘဝများသည် ရခိုင်တွင် အများအပြားရှိနေပြီဖြစ်သည်။ ယင်းအထဲတွင် ကိုယ်တိုင် ပါမသွားဖို့လိုသည်။ တစ်ပါးသူကိုလည်း ပါမသွားအောင် မိမိကစ၍ လှုံ့ဆော်တိုက်တွန်းရပေမည်။
လူထုဘေးဒဏ်ခံနိုင်စွမ်းတိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့က ဦးဇော်ဇော်ထွန်းက “မသင်္ကာတဲ့ အရာတွေဆိုရင် ဒါကအန္တရာယ်ကြီးတယ်ဆိုတဲ့ဟာကို ပထမဆုံး သတိရှိဖို့လိုတယ်။ အဲလိုမဟုတ်ဘဲ အန္တရာယ်ကို သတိပြုမိတာမျိုးမဟုတ်ဘဲ ထပ်ပြီးတော့မှ ဒါကဘာလဲမသိဘူးဆိုပြီး သွားပြီးတော့ စပ်စုတာမျိုးမလုပ်ရဘူး။ မသင်္ကာတဲ့ပစ္စည်းတွေ့ပြီဆိုရင် ရှေ့ဆက်သွားဖို့ အားထုတ်တာမျိုးမလုပ်သင့်ဘူး။ ရောက်တဲ့အရပ်မှာ ရပ်လိုက်ရမယ်။ လာရာလမ်းအတိုင်း သတိပြု ပြန်လှည့်သင့်တယ်။ တကယ်လို့ အဆင်ပြေနိုင်တယ်ဆိုရင်တော့ အဲဒီနေရာမှာ သေချာမှတ်သားထားဖို့လိုတယ်။ ပြီးရင် အဲဒီနေရာ အနီးအနားမှာ အန္တရာယ်သတိပေး အမှတ်အသားတစ်ခု ထားခဲ့ဖို့လိုတာပေါ့။ အနည်းဆုံးကတော့ လမ်းဆိုရင်လည်း ကန့်လန့်ဖြတ် ဝါး သို့မဟုတ် တစ်ခုခုနဲ့ သွားဖို့မသင့်ဆိုတဲ့ အမှတ်အသားလေးတစ်ခုခုပေါ့လေ။ အဲလိုမျိုး လုပ်ထားခဲ့ဖို့လိုတယ်”ဟု အကြံပြုပြောကြားသည်။
အချုပ်အားဖြင့်ဆိုရလျှင် လူသားတို့၏ ဘဝကို ထိခိုက်စေနိုင်သည့်အတွက် မိုင်းအန္တရာယ်သည် အလွန်ပင် ကြောက်စရာကောင်းလှပေသည်။ ယင်းကြောင့် ရခိုင်ပြည်သူပြည်သားများသည်လည်း မိုင်းနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိလိုက်နာကြရန် အရေးကြီးသည်။ ထိုထက်အရေးကြီးသည်မှာ ရခိုင်ပြည်သည် မိုင်းကင်းရှင်းသည့် ရပ်ဝန်းတစ်ခုဖြစ်ပေါ်လာစေရန်လည်း သက်ဆိုင်သူများက ဝိုင်းဝန်းစဉ်းစား လုပ်ဆောင် ကြရမည် ဖြစ်သည်။







