လေးကေ့ကော် ဒေသခံများ စစ်ဘေးပြန်ရှောင်နေရ

လေးကေ့ကော် ဒေသခံများ စစ်ဘေးပြန်ရှောင်နေရ
Photo - CJ
Photo - CJ

မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သလို မြေပြင်တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့်အတွက် ဒေသခံများ ယာယီရွှေ့ ပြောင်းနေထိုင်သွားရန် အုပ်ချုပ်ရေး တာဝန်ရှိသူက အသိပေးထားသည်ဟု စစ်ဘေးရှောင်အရေး လုပ်ဆောင်နေသူ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ မြဝတီမြို့ နိုဖိုး၊ ထီးမူးထနှင့် ကွင်းကလေးဘက်သို့ အာဏာသိမ်းစစ်တပ် အဖွဲ့ဝင်များ ဝင်ရောက်လာသည့် အတွက် လေးကေ့ကော်ဘက်သို့ စစ်ကြောင်းများ ဆက်ဝင်လာနိုင်ပြီး လေကြောင်းမှ ဗုံးကြဲမှုများ လုပ်ဆောင်လာ နိုင်ခြင်းကြောင့် စစ်ဘေးကြိုရှောင် နေခြင်းဖြစ်သည်ဟု စစ်ဘေးရှောင် ကူညီနေသူက ယခုလို ပြောသည်။

“စစ်တပ်က နိုဖိုး ၊ထီးမူးထ၊ ကွင်းကလေးကို စစ်ကြောင်းဝင်ထိုင်လိုက်တော့ ဒီဘက်လေးကေ့ကော်လည်း စိတ်မချ ရတာ့ဘူး။ ၅ ရက်နေ့က ဆေးရုံဗုံးကြတယ်ဆိုတော့ မလွယ်တော့ဘူးလေ။ လူကြီး တွေပြောလာပြီး၊ လေယာဉ်ထပ် ကြဲ နိုင်တယ်။ စစ်ကြောင်း ဝင်လာနိုင်တယ်ဆိုတော့ သောင်ရင်းမြစ်ဘေး နေရာတွေ၊ ရွာတွေဘက်ကို လာရှောင် နေကြတယ်။ အဲတာသူတို့စားဖို့၊ နေဖို့တွေ လိုတယ်” ဟု ဒေသခံ စစ်ရှောင်အရေး ကူညီနေသူက ပြောသည်။

လေးကေ့ကော်မှ စစ်ဘေးကြိုရှောင်လာသူ ကနဦး စာရင်းများအရ ကျေးရွာ ၅ ရွာမှ အိမ်ထောင်စု ၃၀၀ ဝန်းကျင် ရှိပြီး စုစုပေါင်း လူဦးရေ ၁,၀၀၀ ခန့်အထိ ရွှေ့ပြောင်းလာသည်ဟု ဒေသခံ စစ်ဘေးရှောင် ကူညီနေသူများက ပြော သည်။

“အခု လေးကေ့ကော်၊ ရသေ့ဂူ ဘက်ပါ ရှောင်ရတယ်။ ဖလူး၊ မယ်ထော်သလေး လမ်းဘက်ကတော့ BGF နဲ့ DKBA တွေ ဆုတ်ကုန်ပြီး။ သူတို့ ဂိတ်ထိုင်တာတွေ မရှိတော့ဘူး။ စစ်တပ်စစ်ကြောင်း ဘယ်လို ရောက်လာမလဲတော့ မသိဘူး။ အဲလိုဆို တိုက်ပွဲက ပြန်ဖြစ်မှာဘဲ။ ပြောင်းချိုးရမယ့်အချိန်၊ ကိုယ့်စိုက်ခင်းကိုယ်သွားပြီး ပြောင်းချိုး ပြောင်းသိမ်းဖို့ ခက်နေတယ်။ အလုပ်သမားလည်း ရှာရခက်နေတယ်” ဟု လေးကေကော် ဒေသခံတစ်ဦးက ပြောသည်။

ယခုလို ကြိုတင်ရွှေ့ပြောင်း စစ်ရှောင်နေရသည့် ဒေသခံရွာသားများထဲတွင် သက်ကြီး ဘိုးဘွားနှင့် ကလေးသူငယ် ၁၀၀ ဦးကျော် ပါဝင်ပြီး အစားအသောက်၊ နေရာထိုင်ခင်းနှင့် ကျမ်းမာရေး စောင့်ရှောက်မှု အရေးပေါ်လိုအပ်ချက် များကြုံတွေ့နေသည်ဟု သိရသည်။

လက်တလောတွင် တော်လှန်ရေးတပ်များနှင့် အာဏာသိမ်းတပ် စစ်ကြောင်းများ မြဝတီ အာရှလမ်းပိုင်း၊ သင်္ဃန်း ညီနောင်လမ်းပိုင်း၊ အတွင်းကွင်းကလေး ဒေသဘက်တွင် နှစ်ဖက်စလုံး စစ်ရေးလှုပ်ရှားနေပြီး ဆက်တင်မားနေဆဲ ဖြစ်ကာ အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားနိုင်သည်ဟု မြေပြင်သတင်းရင်းမြစ်များ ထံမှသိရသည်။

လေးကေ့ကော်မြို့သစ်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ စ၍ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲ များ ဖြစ်ပွားပြီး ဒေသခံများ စစ်ဘေးရှောင်ခဲ့ရဘူးသည်။ ထို့နောက် လေးလကြာ ၂၀၂၃ ခုနှစ် ဧပြီလနောက်ပိုင်း တွင် တိုက်ပွဲများ မရှိတော့၍ ဒေသခံတချို့ပြန်နေထိုင်ကြသလို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့တွင် တော်လှန်ရေးတပ်များက လေးကေ့ကော်အနီးရှိ စွယ်တော်ကုန်း အမြောက်ကုန်းစခန်းကို အပြီးသတ် သိမ်းယူပြီး နောက် ဒေသခံများ ပြန်လည်နေထိုင်ကြပြီး ယခုတစ်ကြိမ် ပြန်စစ်ဘေးရှောင်နေရခြင်း ဖြစ်သည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...