လေရှီး-လဟယ် ရေလမ်းကြောင်း စစ်တပ်ကပိတ်ထားလို့ လဟယ်မှာ စက်သုံးဆီနဲ့ ဆန်တွေပြတ်လပ်

လေရှီး-လဟယ် ရေလမ်းကြောင်း စစ်တပ်ကပိတ်ထားလို့ လဟယ်မှာ စက်သုံးဆီနဲ့ ဆန်တွေပြတ်လပ်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊လဟယ်ဘက်သွားတဲ့ရေကြောင်းလမ်းကို စစ်ကောင်စီတပ်ကခန္တီးမြို့ကနေ ပိတ်ထားလို့ လဟယ်မြို့မှာ ဆန်နဲ့စက်သုံးဆီ ပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

လေရှီး၊လဟယ်မြို့နယ်တွေအတွက် ကုန်စည်သယ်ယူဖို့နဲ့ခရီးသွားလာဖို့ အဓိကအသုံးများတဲ့ ခန္တီး–လဟယ်–လေရှီး ချင်းတွင်းမြစ်ကြောင်းကို စစ်ကောင်စီတပ်က သြဂုတ်လ ဒုတိယအပတ်ကစပြီး ခန္တီးမြို့ကနေ ပိတ်ထားတာ ဖြစ်တယ်လို့ လဟယ်ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“သြဂုတ်လ ၁၂ ရက်နေ့ကနေပိတ်ထားတာ ခုထိပြန်မဖွင့်ပေးဘူး ခန္တီးကနေပိတ်ထားတာ ခန္တီးအထိတော့ဖလက်ခွံတွေလာတယ်။ ဟုမ္မလင်းကနေ ဒီဘက်ကိုမတက်ခိုင်းတာ”လို့ လဟယ်မြို့ခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ခုဆို စစ်ကောင်စီတပ်က လေရှီး၊ လဟယ်ဘက် ရေကြောင်းလမ်းကိုပိတ်တာ ရက် ၂၀ ကျော်ခန့် ရှိလာပြီလို့ သူက ဆက်ပြောပါတယ်။

ခုလိုစစ်တပ်က ရေကြောင်းပိတ်လိုက်တဲ့တာဟာ လဟယ်ဘက်စစ်ရေးလှုပ်ရှားဖို့ဖြစ်နိုင်တယ်လို့  NSCN-K (ဗိုလ်ချုပ်ယုန်းအောင်)အဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ခုလို သုံးသပ်ပြောပါတယ်။

“ဖြစ်နိုင်ခြေကတော့ဒီစစ်ရေးတစ်ခုပဲရှိတယ်လေး သူတို့ဒီလေရှီး၊လဟယ်ဘက်တွေကိုလှုပ်ရှားဖို့ လမ်းကြောင်းကြိုရှင်းတာလည်းဖြစ်နိုင်တယ် ဘာကြောင့် ပိတ်တယ်လို့တော့ မပြောဘူး။ ဒီတိုင်း ပိတ်ချလိုက်တာ” လို့ သူက ပြောပါတယ်။

လေရှီးလဟယ်ဘက်မှာ စစ်ကောင်စီတပ်နဲ့ နားလည်မှုယူထားတဲ့ NSCN-K(ဗိုလ်ချုပ်အန်းမိုင်း)အဖွဲ့နဲ့ စစ်ကောင်စီနဲ့ နားလည်မှုမယူထားတဲ့ NSCN-k (ဗိုလ်ချုပ်ယုန်းအောင်) တို့က စိုးမိုးထားတဲ့နေရာ ဖြစ်ပါတယ်။

ရေကြောင်းပိတ်လိုက်တဲ့နောက် စစ်ကောင်စီတပ်တွေ လေရှီး၊လဟယ်ဘက်သွားလာလှုပ်ရှားမှုတွေရှိနေပြီး လေရှီးမြို့နယ်ထဲမှာ လူငယ်တွေကို စစ်မှုထမ်းအတွက် ဖမ်းဆီးတာတွေလည်းရှိနေတယ်လို့သိရပါတယ်။

ခန္တီးကနေ လဟယ် လေရှီးအထိ ဆိုင်ကယ်နဲ့ ကားအသေးသာသွားလာနိုင်တဲ့ ကုန်းကြောင်းရှိပေမယ့် လက်ရှိ မိုးရာသီကာလ လမ်းပိုင်းပျက်စီးမှုတွေကြောင့် ခက်ခက်ခဲခဲသွားလာနေရလို့ ချင်းတွင်းမြစ်ကြောင်းကိုသာ အဓိက အားထားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရေကြောင်းပိတ်လိုက်တဲ့အတွက် ဒေသခံတွေခရီးသွားလာရေးခက်ခဲတာ၊ ကုန်စည်ပြတ်တောက်တာ၊ ကုန်စျေးနှုန်းကြီးတာတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

လဟယ်၊ လေရှီးဒေသတွေဟာ နာဂလူမျိုးတွေ အများစုနေထိုင်ကြတာ ဖြစ်ပြီး လဟယ်မြို့နယ်မှာ ကျေးရွာပေါင်း ၁၀၀ ကျော်နဲ့ လေရှီးမြို့နယ်မှာ ကျေးရွာပေါင်း ၇၀ ကျော်ရှိကာ လူဦးရေ ၂ သိန်းနီးပါး နေထိုင်ကြောင်း သိရပါတယ်။

April 11, 2026
စစ်ကိုင်းတိုင်း– ကချင်အစပ်က ကသာမြို့မှာ ကူးတို့ဆိပ်လိုင်းတစ်ခုကို လုပ်ထုံးလုပ်နည်းအတိုင်းမဟုတ်ဘဲ...
April 9, 2026
နော်ထွယ့်(ဟူးကောင့်) — တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်စစ်ရှောင်ပြည်သူတွေဟာ...
April 8, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်မှာ တပ်မကုန်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်ကနေ...
April 7, 2026
ဒေသခံတစ်ဦးက သူ့အမြင်ကို ထုတ်ဖော်ပြောဆိုရန် စိတ်ရှိနေသော်လည်း လုံခြုံရေးအပေါ် စိုးရိမ်မှုများက...