ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်တဝိုက်တွင် စက်တင်ဘာ ၁ ရက်နေ့ ညပိုင်းမှစ၍ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်း စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု စစ်မြေပြင် သတင်းရင်းမြစ်များက ပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်အုပ်စုတို့ ကော့ကရိတ်မြောက်ပိုင်း ရန်ကုတ်ရွာ၌ စက်တင်ဘာ ၁ ရက်နေ့ ည ၁၁ နာရီမှ ယနေ့နံနက်ပိုင်းထိ နှစ်ဘက် တိုက်ပွဲ ပြင်းထန်နေသလို ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်း တောနော်ရေတံခွန် တောင်ကြောဘက်တွင်လည်း တိုက်ပွဲ ဖြစ်ပွားနေသည်ဟု မြေပြင်တော်လှန်ရေး သတင်းရင်း မြစ်က ပြောသည်။
“စစ်တပ်ဘက်က ဟောင်ဝှစ်ဇာ၊ မစ်ဇိုင်း (အတွဲလိုက်ပစ်ဒုံးကျည်)တွေ နဲ့ ပစ်ကူ ပေးနေပါတယ်” ဟု မြေပြင်တော်လှန်ရေး သတင်းရင်း မြစ်က ပြောသည်။
ထို့အပြင် စက်တင်ဘာ ၁ ရက်နေ့ ည ၁၀ နာရီ ကျော်အချိန်တွင် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် တံတားနေရာ၌ မြဝတီမြို့စောင့်တပ် ခြေမြန်တပ်ရင်း (ခလရ ၂၇၅) မှ ထွက်လာသည့် စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်များ ည ၂ နာရီခန့်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် တိုက်ပွဲငြိမ်နေသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြော သည်။
ကော့ကရိတ်-မြဝတီ အာရှလမ်းသစ် ကော့ကရိတ်မြို့အထွက် ကော့နွဲ့ရွာ တံတားကို စစ်တပ်က ပြန်ပြင်ပြီး လက်နက်ကြီး၊ လူအင်အားဖြင့် အာရှလမ်းသစ်ကို ထိုးစစ်ဆင်ရန် ပြန်ဆင်မှုများ ဩဂုတ်လအတွင်းက
ပြုလုပ်နေပြီး ထိုတံတားပြန်ပြင်သည့်အဖွဲ့ကို KNLA နှင့် PDF အဖွဲ့များက စက်တင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ တစ်ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိသွားသည်ဟု စစ်အုပ်စုက သတင်းထုတ်ပြန် ထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်ကို စစ်အုပ်စုက လက်လွှတ်ခဲ့ရပြီး ယခုပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ပြီးနောက် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။
သို့သော်လက်ရှိ အချိန်ထိ တော်လှန်ရေးပူးပေါင်းတပ်များက ထိုလမ်းပိုင်းကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်ဟု မြေပြင် သတင်းရင်းမြစ်များက ပြောသည်။







