တိုက်ပွဲများကြောင့် မန္တလေး-မြစ်ကြီးနားလမ်း ပိတ်

တိုက်ပွဲများကြောင့် မန္တလေး-မြစ်ကြီးနားလမ်း ပိတ်
Photo - CJ
Photo - CJ

မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် စစ်ကော်မရှင် ပူးပေါင်းတပ် နှင့် ကာကွယ်ရေးတပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် လမ်းပိတ်ထားသည်ဟု ကားသမားများက ပြောသည်။

အင်အား ၂၀၀ ကျော်ရှိသည့် ပျူစောထီးနှင့် စစ်ကော်မရှင် ပူးပေါင်းတပ်တို့က မန္တလေး – ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်း တလျှောက်နှင့် ကန့်ဘလူမြို့နယ်ထဲက ကျေးရွာများတွင် စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေခြင်း ဖြစ်သည်ဟု ကာကွယ်ရေးတပ်များက ဆိုသည်။

အဆိုပါ စစ်ကော်မရှင်ပူးပေါင်း စစ်ကြောင်းကို ကာကွယ်ရေးတပ်များက ပြန်လည် တိုက်ခိုက်နေသည်ဟု မန္တလေး – ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းတွင် ကားပြေးဆွဲနေသည့် ကားသမားအချို့က ပြောသည်။

ကားသမားတစ်ဦး က “အားလုံး ပိတ်တယ်ဆိုတာက ခင်ဦးလမ်းဆုံမှာ အဲ့မှာ ကျနော်တို့ ကားတွေက မနေ့က ရောက်တယ်။ မနက်ရောက်တော့ အကုန် မောင်းလွှတ်တယ်ဗျာ။ ဒီနားမလာနဲ့တော့ စစ်ကြောင်းထိုးနေပြီ ဘာညာ ဆိုပြီးတော့ပေါ့။ အဲ့မှာကို အရပ်မခံတော့တာ။ အဲ့ဒါပြန်လှည့်ခိုင်းတာပေါ့ အတက်ကားကို။ အဆင်း ကားကျတော့ ပုံမှန်လိုဆို မန္တလေးရောက်ရတော့မှာ ဒီနေ့ထက်ထိ ဆက်သွယ်လို့ကို မရဘူး။ ပိတ်မိနေကြတာ” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးနေ ရုံတင်မကဘဲ ကန့်ဘလူမြို့နယ်ထဲက ရွာမရွာသစ်၊ ထိန်တော၊ အင်္ဂါဒေါင့်၊ သရက်တာ၊ ကိုင်းရိုး၊ ကျေးပင်အက်နှင့် ကျီကျင်းကျေးရွာတို့ကို ဝင်ရောက်စီးနင်းကာ နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား ၂၇ ဦးကိုလည်း ဩဂုတ်လ တတိယပတ်ထဲတွင် သတ်ဖြတ်ခဲ့သည်ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့အပြင် ဗျူဟာလမ်းပိုင်း တိုက်ပွဲအတွင်း လေကြောင်း အသုံးပြု ပစ်ခတ်နေမှုများနှင့် စစ်ကော်မရှင် ပူးပေါင်း စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ခရီးသွားများနှင့် ကားသမားအချို့လည်း ထိမှန်သေဆုံးမှုများ ရှိခဲ့သည်။

လက်ရှိတွင် မန္တလေး – ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်းနှင့် ကွင်းလမ်း အသုံးပြုမှုများကို နှစ်ဖက်တပ်များက ကန့်သတ်ထားကြသည်ဟု ဆိုသည်။

ကျွန်းလှမြို့နယ် တက်ကြွလှုပ်ရှားသူများ အဖွဲ့ တာဝန်ရှိသူက “ကန့်ဘလူမြို့နယ် အရှေ့တောင်ခြမ်းရှိ ဗျူဟာ လမ်းပိုင်းမှာ စစ်ကောင်စီ တပ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်း ထိုးနေတာကြောင့် ရွှေဘို -မြစ်ကြီးနား ဗျူဟာ လမ်းပိုင်းနဲ့ ကွင်းလမ်းပိုင်းမှာ အချိန်မရွေး လမ်းကြောင်းပိတ်နိုင်ကြောင်း ခရီးသွား မိဘပြည်သူတွေကို အသိပေးတာပါ ခင်ဗျ” ဟု ပြောသည်။

အဆိုပါ စစ်ကော်မရှင်တပ် ပူးပေါင်း စစ်ကြောင်းသည် ဩဂုတ်လ ၁၆ ရက်နေ့မှ စတင်ကာ ကန့်ဘလူမြို့နယ် တောင်ခြမ်းရှိ ဗျူဟာလမ်း အနောက်ဘက်နှင့် အရှေ့ဘက်ခြမ်းတို့အား စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး ဩဂုတ်လ ၂၉ ရက်နေ့ အထိ ကန့်ဘလူ – ခင်ဦးမြို့ အစပ်ရှိ သုံးဆင့်ကန်ကျေးရွာ နှင့် အလယ်ရှိုကျေးရွာကြား၌ ရောက်ရှိနေကြောင်း နောက်ဆုံး သိရသည်။

စစ်ကော်မရှင်တပ်သည် ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ထုတ်ပြန်ထားသည့် အပြင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် နိုင်ငံတစ်ဝှမ်းရှိ ၎င်းတို့ လက်လွှတ်ထားရသည့် မြို့များ အပါအဝင် တော်လှန်ရေး အင်အားစုများ လှုပ်ရှားနေသည့် နေရာများကို သိသိသာသာ ထိုးစစ်များ ဆင်နွှဲလာနေသည်။

Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...
March 24, 2026
ရှမ်းပြည် မြောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှုများကြောင့် တိုက်ပွဲများအထိ ဖြစ်ပွားခဲ့သည့်...
March 23, 2026
ရွေးကောက်ပွဲ ကာလအတွင်း စစ်ကော်မရှင်က နည်းပညာသုံး၍ သတင်းမီဒီယာများကို ဒစ်ဂျစ်တယ်အမှောင်ချပြီး...