သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် အတွင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် အရပ်သား တစ်သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများလိုအပ်နေကြောင်း စုံစမ်းသိရသည်။
ဩဂုတ်လ (၁၉) ရက်တွင် စတင်ခဲ့သည့် ကျောက်မဲမြို့နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ် မြေပြင်ထိတွေ့တိုက်ပွဲများကြောင့် နောင်ပိန်တိုက်နယ်ရှိ ကျေးရွာ ၂၀ ကျော်မှ ပုံဝိုး၊ ဟဲကွီ၊ နမ့်ဟန်ခိတ်ကျေးရွာ အုပ်စုဘက်သို့ နှစ်ပတ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင် နေရသည်။
ထိုသို့ ထွက်ပြေးနေရသည့် စစ်ဘေးရှောင် တစ်သောင်းကျော်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် မိုးကာကဲ့သို့ အရေးပေါ် အကူအညီများအပြင် အမျိုးသမီးနှင့် ကလေးများအတွက် လစဉ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။
“အခက်အခဲကတော့ ရိက္ခာနဲ့ ဆေးဝါးပေါ့၊ နောက်ပြီး မိုးကာတို့ ဖျာတို့ ရေပုံးတို့ အဲ့လိုမျိုး လိုနေတာ။ တချို့က ရုတ်တရက် ထွက်ပြေးလာတော့ အဝတ်အစားတို့ စောင်တို့ အိပ်ယာခင်းတို့ မပါလာဘူး။ လမ်းတွေလည်း ပိတ်တော့ ပစ္စည်းလည်း ဝယ်ရတာ ဈေးတက်တယ်။ တိုက်ပွဲကတော့ နောင်ပိန်နားတဝိုက်ကနေ စခန်းသာ၊ ကျောက်မဲဘက်ကို စစ်ကြောင်းထိုးနေပြီလို့ ကြားတယ်”ဟု နောင်ပိန်ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကော်မရှင်တပ်မှ ဂုတ်တွင်းလမ်းပိုင်းနှင့် ဂုတ်ထိပ်တံတား အနီးဝန်းကျင် နောင်ပိန်တိုက်နယ်ရှိ ကျေးရွာများကို ဩဂုတ်လ ၁၉ ရက်မှ ၂၉ ရက်အထိ TNLA ပူးပေါင်းတပ်များကို ၁၂ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း ၄၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်မျိုးစုံ ၂၃ လက် သိမ်းဆည်းရမိခဲ့သည်ဟု ဩဂုတ်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ကျောက်မဲမြို့ဘက်သို့ မြေပြင်စစ်ကြောင်းထိုး ချီတက်နိုင်ရန် ဂုတ်တွင်းလမ်းပိုင်းရှိ မိုင်းခွဲ ဖျက်ဆီးခံထားရသည့် တံတားကြီးကို စစ်ကောင်မရှင်ဘက်မှ သံဘောင်ဘေလီတံတား တည်ဆောက်နေပြီး TNLA ပူးပေါင်းတပ်မှ နောင်ပိန်လမ်းခွဲ ပင်တိန်ရွာတွင် စစ်ကော်မရှင်တပ်ကို ခုခံတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ကြောင့် ကျောက်မဲ၊ သီပေါမြို့ပေါ် ရပ်ကွက်များနှင့် ပြည်ထောင်စုလမ်းမကြီးတလျှောက် ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာ ကျေးရွာများနှင့် လားရှိုးမြို့ဘက်သို့ ထပ်မံတိမ်းရှောင်လျက်ရှိကြောင်း စစ်ရှောင် ကူညီသူများထံမှ သိရသည်။
“တိုက်ပွဲက ရွာနား တဝိုက်မှာပဲ နောင်ပိန်လမ်းခွဲနဲ့ ပင်တိန်ဘက်မှာ ဖြစ်နေတယ်လို့တော့ ကြားတယ်။ လက်နက်ကြီးသံတွေတော့ စခန်းသာဘက်ထိ လှမ်းပစ်နေတာ ကြာပြီ၊ စခန်းသာဘက်က ရွာသားတွေတော့ ရွှေ့လာနေကြပြီ။ တချို့လည်း သီပေါဘက်၊ လားရှိုးဘက် ရှောင်ကြတာ တစ်ထောင်ကျော်လောက် ရှိတယ်”ဟု ကျောက်မဲမြို့ဒေသခံ စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
နောင်ချိုစစ်ကောင်စီတပ်မှ ဂုတ်ထိပ်တဖက်ကမ်းရှိ ကျေးရွာများသို့ လက်နက်ကြီးပစ်ကူဖြင့် ရမ်းသမ်း ပစ်ခတ် နေခြင်းကြောင့် ဩဂုတ်လ ၂၉ ရက်တွင် ကျောက်မဲမြို့နယ် နားအိုက်ခန့်ကျေးရွာအုပ်စု ခိုက်တုန်ဟုန်း ကျေးရွာနေ အသက် (၅၁) နှစ်အရွယ်ရှိ ဦးစိုးမောင် သည် လက်နက်ကြီးစ ထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ ဩဂုတ်လ ၂၉ ရက် ညပိုင်းတွင် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ် မိုင်းလုံမြို့အနီး ပန်သပြေကျေးရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံးလေးလုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် သီလရှင်တစ်ပါး အပါအဝင် အမျိုးသမီး (၂) ဦး သေဆုံး၍ အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄) လုံး၊ ကျောင်းဆောင်နှင့် ဓမ္မာရုံတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA ဘက်မှ သတင်းထုတ်ပြန်သည်။
ထို့အပြင် ဩဂုတ်လ ၃၀ ရက် ညပိုင်းတွင်လည်း ကျောက်မဲမြို့နယ် နားခေါ်ကျေးရွာအတွင်း စစ်ကော်မရှင်တပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀) ဗုံးနှစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ပြီး နေအိမ်(၄) လုံး ထိမှန်ပျက်စီးခဲ့သည်။







