သရက်ချောင်း မိုးရွှေဂူကျေးရွာကို စစ်တပ် စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရိူ့

သရက်ချောင်း မိုးရွှေဂူကျေးရွာကို စစ်တပ် စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရိူ့

တင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မိုးရွှေဂူကျေးရွာအတွင်းသို့ အာဏာသိမ်း စစ်တပ်က ဩဂုတ် ၂၂ ရက် ယနေ့ နံနက်ပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာရှိ‌ နေအိမ်များကို မီးရိူ့ဖျက်ဆီးနေသည်ဟု ဒေသခံများနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

စစ်တပ် စစ်ကြောင်းသည် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး လက်နက်ကြီး ရမ်းပစ်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု မိုးရွှေဂူကျေးရွာသား တစ်ဦးက ယခုလို ပြောသည်။

“ရွာထဲကို ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေတယ်။ လက်နက်ကြီးတွေလည်း ပစ်နေတာတွေ ရှိတယ်။ ပြီးတော့ နေအိမ်တွေကိုလည်း မီးရိူ့ထားတယ်။ မီးခိုးလုံးကြီးတွေ ၅ နေရာလောက် မြင်နေရ တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာ၍ မိုးရွှေဂူကျေးရွာနှင့် အနီးရှိ ကျေးရွာများရှိ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းတွင် ခြေလျင်တပ်ရင်း (ခလရ-၂၅)နှင့် ခြေမြန်တပ်ရင်း (ခမရ-၄၀၅) တို့မှ တပ်ဖွဲ့ဝင် များပါဝင်သည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်ကြောင်းထိုးနေတာတော့ ၁၀ ရက် နီးပါးရှိနေပြီးဗျ။ အခုက အင်အားထပ်တိုး ပြီးတော့ မနေ့က စစ်ကြောင်းခွဲတွေ ဝင်ရောက်လာတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်က ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်နေ့တွင် သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများလုပ်ဆောင်ခြင်းနှင့် စက်သေနတ် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံများ နီးစပ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

Photo - Social Media

August 1, 2026
ဆောင်းဦးပေါက် (သို့မဟုတ်) ပွင့်လင်းရာသီရောက်ပြီဆိုလျှင် ကရင်ပြည်၊ ဒေါနတောင်တန်းအရှေ့ခြမ်းရှိ...
July 31, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စု...
July 31, 2026
စစ်တပ်ကို တိုက်ခိုက်နေသည့် ဗိုလ်မှူးချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်သည်...
July 31, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို KNLA...