ကျောက်ဖြူတိုက်ပွဲ အလွန်ပြင်းနေ

ကျောက်ဖြူတိုက်ပွဲ အလွန်ပြင်းနေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲအရှိန် အလွန်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ် နှမ်းဖဲတောင်နှင့် မင်းတက်တောင်ကြားတွင် စစ်ကြောင်းထိုးလာသည့် အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းနှင့် အာရက္ခတပ်တော်(AA)တို့၏တိုက်ပွဲသည် ယနေ့ ဩဂုတ် ၁၅ ရက်နေ့၊ နံနက်တွင် အရှိန်အဟုန်ပြင်းထန်နေသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။

“နှမ်းဖဲတောင်ဖက်ကို အမှတ် (၃၂)ရဲတပ်ရင်း၊ ပြိုင်း‌စေ့ကေဖက်က အင်အားတွေ စစ်ကြောင်းထိုးပြီး AA ကို တိုက်တယ်။ အင်အား ၂၀၀ ကျော်လောက်ပါတယ်။ စစ်တပ်စစ်ကြောင်းက ညဉ့် ထိုးတက်လာတာ။ AA ဖက်ကလည်း လက်နက်ကြီးကျည်တွေနဲ့ ပစ်တယ်။ သူပစ်ကိုယ်ပစ်ပေါ့” ဟု ပြောသည်။

အကြမ်းဖက် စစ်တပ်ဘက်က လက်နက်မျိုးစုံအားကိုးဖြင့် AA ကို တိုက်ခိုက်နေသလို AA ဖက်ကလည်း အပြင်းအထန်တိုက်ခိုက်နေသည်ဟု AA နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။

ယင်းအပြင် သစ်ပုတ်တောင်တိုက်နယ် ကြတ္တိန်၊ ပျားတဲ၊ ကပ်သပြေနှင့် ဦးကင်းရွာအနီးအနားဝန်းကျင်များတွင် ဓညဝတီရေတပ်ဌာနချုပ်မှထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းနှင့် ငလပွေ့ချောင်းမှတက်လာသည့် စစ်ကြောင်းတို့ ပူးပေါင်းပြီး AA နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

တိုက်ပွဲနှင့်အတူ အကြမ်းဖက်စစ်တပ်ဖက်မှ ဒရုန်း၊ နေဗီများဖြင့် အနီးအနားကျေးရွာများကို နေ့စဉ်ရက်ဆက် ဖြိုဖျက်တိုက်ခိုက်နေသည့်အတွက် ကျေးရွာအချို့၏ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ ပြိုပျက်ပျက်စီးမှုများပြားနေသည်ဟု ကျောက်ဖြူစစ်ရှောင်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

ယင်းအပြင် စစ်မြေပြင်ဧရိယာနှင့် နီးစပ်သည့် ကျေးရွာအချို့ကို ဒရုန်းဖြင့် ပြိုပျက်‌အောင်ပစ်ခတ်သည့်အပြင် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းများ ကိုယ်တိုင်ဝင်ရောက်ပြီး မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများလည်းရှိနေကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် AA ကို အလွယ်တကူထိုးစစ်ဆင်နိုင်ရန်အတွက် ကျေးရွာအချို့ကို အကြမ်းဖက်စစ်တပ်က ယခုကဲ့သို့ ပစ်ခတ်ဖျက်ဆီးနေခြင်းဖြစ်သည်ဟုလည်း သိရသည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများရှိသည့် ကျောက်ဖြူမြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် AA က ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...