ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့သို့ ပြည်တွင်း ဖားအံမြို့ဘက်မှ စက်သုံးဆီ တင်ပို့ရောင်းချမှု ကန့်သတ်ထား၍ ယနေ့ ဩဂုတ် ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မြဝတီမြို့ပေါ်၌ စက်သုံးဆီ ပြတ်လပ်မှု ကြုံတွေ့နေရသည်ဟု မြို့ခံ လုပ်ငန်းရှင် များက ပြောသည်။
ပြည်တွင်းမှ ဖားအံသို့ စက်သုံးဆီ တင်ပို့မှုခွဲတမ်းကို ဩဂုတ် ၈ ရက်နေ့မှစ၍ လျော့ချလိုက်ပြီးနောက် ဖားအံဘက်မှ မြဝတီသို့ ဆီတင်ပို့မှု ဆက်ကန့်သတ်ထားသည့်အတွက် ယခုလို ဆီပြတ်လပ်နေခြင်း ဖြစ်သည်ဟု မြို့ခံ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ဆီက ပြီးခဲ့ တဲ့ ၄ ရက် ၅ ရက် ကတည်းက ဖားအံဆိုင်တွေကို ဆီခွဲတမ်းလျှော့ချလိုက်တယ်။ မြဝတီက ပြည်တွင်း ဘက်က ဆီကို ပြန်ဝယ်သုံးနေတာကြာပြီး။ အဲ့တာ အခုရက်ကြတော့ မြဝတီကို ဆီပေးမသယ်တော့ဘူး။ အာရှ လမ်းစစ်ဆင်ရေးကို ဖြတ်လေးဖြတ် စလုပ်တာလို့ ကြားသိရတယ်။ အခု မနက်တော့ မြဝတီဆီဆိုင်တွေ ဆီလုဝယ် နေကြတာ ဆီပြတ်ကုန်ပြီး။ ဘာဆက်ဖြစ်မလဲတော့ မသိတော့ဘူး” ဟု ၎င်းက ပြောသည်။
ယခုနှစ်ဆန်းပိုင်းတွင် မြဝတီမြို့သို့ ထိုင်းနိုင်ငံက စက်သုံးဆီတင်ပို့မှု၊ အင်တာနက်၊ ဖုန်းလိုင်းနှင့် လျှပ်စစ်မီး ရောင်းချမှုများကို ဖြတ်တောက်ထား၍ ပြည်တွင်းဘက်မှ စက်သုံးဆီများကို အဓိက ဝယ်ယူသုံးစွဲနေခြင်း ဖြစ် သည်။
ယနေ့ ဩဂုတ် ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မြဝတီမြို့ပေါ်ရှိ စက်သုံးဆီဆိုင်အများစုတွင် ဓါတ်ဆီကုန်နေသလို ဒီဇယ်ဆီ အနည်းငယ်သာ ရောင်းချတော့သည့် အခြေအနေရှိသည်ဟု မြို့ခံများက ပြောသည်။ ထို့အပြင် ယမန်နေ့က ဒီဇယ် တစ်လီတာ ကျပ် ၃၀,၀၀၀ မှ ယနေ့ နံနက်ပိုင်းတွင် တစ်လီတာ ကျပ် ၄၀,၀၀၀ ထိ ဈေးခုန် တက်သွားသည်ဟု ၎င်းမြို့ခံက ဆက်ပြောသည်။
ထို့အပြင် ၂၀၂၄ ခုနှစ် ဧပြီလတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန် ရေးပူးပေါင်းတပ်များက မြဝတီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီးချိန်မှစ၍ မြဝတီတွင် စစ်တပ်အုပ်ချုပ်ရေးအပြည့်အဝ မရှိ တော့သလို ကရင်နယ်ခြားစောင့်တပ် (BGF) က မြို့လုံခြုံရေးပိုင်း လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်ဟု မြို့ခံတို့က ပြောသည်။
ယခုလို ဖားအံဘက်မှ မြဝတီသို့ ဆီတင်ပို့မှုကို စစ်တပ်က ကန့်သတ်လိုက်ခြင်းသည် ယခုရက်ပိုင်းအတွင်း ကော့ကရိတ်-မြဝတီ အာရှလမ်း စစ်ဆင်ရေးအတွက် ဖြတ်လေးဖြတ်သဘော လုပ်ဆောင်ခြင်း ဖြစ်သည်ဟု မြို့ခံ လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။
မြဝတီမြို့သည် နယ်စပ်စီးပွားရေး အခွင့်အလမ်းကောင်းများရှိကာ မြို့ခံအများစု၏ အိမ်တိုင်းတွင် စစ်ကောင်စီထံ လိုင်စင်မပြုလုပ်ထားသည့် ကားတစ်စီးခန့် အနည်းဆုံးရှိကြသလို ဆိုင်ကယ်စီးနင်းမှုလည်း များပြားကာ မြို့ပေါ်၌ ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်ပွားလေ့ရှိသည့် မြို့ဖြစ်သည်။
ထို့အပြင် ကာစီနိုရုံဟု လူသိများပြီး ညပိုင်းတွင်လူစည်းကားလေ့ ရှိသည့် လောင်းကစားရုံများလည်း အများအပြား ရှိကာ ကရင်ပြည်နယ်တွင် စက်သုံးဆီ သုံးစွဲမှု အမြင့်မားဆုံး မြို့ဖြစ်သည်ဟု သိရသည်။







