အာရှလမ်းသစ်ကို အောင်ဇေယျ စစ်ကြောင်းပြန်ထိုး တိုက်ပွဲနှစ်ရက်ဆက်ဖြစ်

အာရှလမ်းသစ်ကို အောင်ဇေယျ စစ်ကြောင်းပြန်ထိုး တိုက်ပွဲနှစ်ရက်ဆက်ဖြစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်ကို အာဏာသိမ်း စစ်တပ်က ဩဂုတ် ၁၀ ရက်နေ့တွင် စစ်ကြောင်းထိုး တက်လာသည့်အတွက် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု တော်လှန်ရေးစစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အာဏာသိမ်း စစ်တပ်သည် ကော့ကရိတ် တတန်ကူးရွာမှ အာရှလမ်းသစ် ပေါ်သို့ တက်နိုင်ရေး အထိုင် တပ်ရင်း များမှ လက်နက်ကြီး ပစ်ကူရယူကာ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်ဟု တော်လှန်ရေး ပူးပေါင်းတပ် မြေပြင် စစ်ကြောင်းတာဝန်ရှိသူ တစ်ဦးက ယခုလို ပြောသည်။

“တတန်ကူးကနေ အာရှလမ်းကို ကပ်လာတယ်၊ ၁၀ ရက်နေ့ ညမှာ စကခ-၁၂ က လက်နက်ကြီးနဲ့ လမ်းမဘက် ပစ်ကူ ပေးပြီးတက်လာတော့ တိုက်ပွဲ ဖြစ်နေတယ်။ ညဘက် တက်လာတယ်၊ မနက်ပိုင်းထပ်တိုးတယ်၊ နေ့လည် အလုံးကြီးထပ်ပစ်တယ်၊ အခု ၁၂ ရက် ည ၉ နာရီ ထပ်ပြီးအလုံးကြီးပစ်၊ မြေပြင်ကစစ်သားသစ်တွေနဲ့ တက်လာ နေတာ တိုက်ပွဲက ဆက်ဖြစ်နေတယ်၊ တတန်ကူးကနေ လမ်းမကိုသူတို့ တက်ဖို့လုပ်တာ” ဟု ၎င်းက ပြောသည်။

စစ်ကြောင်းထိုးရန် ကျုံဒိုးမှ ကော့ကရိတ် စစ်ဆင်ရေးကွက်ကဲမှု ဌာနချုပ်နှင့် ခြေလျင်တပ်ရင်း (ခလရ ၉၇) တပ် သို့ အင်အား ၅၀၀ ဝန်းကျင် အားဖြည့်ပြီးနောက် ယခုလို စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

အာဏာသိမ်းတပ်စစ်ကြောင်းသည် အာရှလမ်းသစ်တောင်ဘက် ကော့နွဲရွာ၊ တတန်ကူးရွာဘက်သို့ လည်း ကောင်း၊ မြောက်ဘက် ရန်ကုတ်ရွာ၊ လှိုင်စိမ်းရွာ၊ ကောင်းမှု့ ရွာများဘက်သို့ စစ်ကြောင်းထိုး နယ်မြေစိုးမိုးရန်လုပ် ဆောင်နေကြောင်း စစ်ရေး သတင်းရင်းမြစ်များက ခန့်မှန်းထားသည်။

ထို့အပြင် စစ်တပ်က အင်အားဖြည့်တင်းရာတွင် နည်းပညာပိုင်းဆိုင်ရာ တပ်ဖွဲ့များလည်းပါဝင်ကာ နည်းပညာသုံး ထောက်လှမ်းတိုက်ခိုက်မှုများ ယခင်ထက်ပိုမို လုပ်ဆောင်လာသည်ဟု တော်လှန်ရေးတပ်မှူးများထံမှ သိရသည်။

လက်ရှိ ကော့ကရိတ်မြို့မြောက်ဘက် ဒေါနတောင်လမ်းဟာင်း၊ အောက်ဘိုတဲဘက်သို့ ဩဂုတ် ၁၁ နှင့် ၁၂ ရက် နေ့ လည် ပိုင်းတွင် စကခ-၁၂၊ လှိုင်ဝ အမြောက်တပ် နေရာများမှ နာရီခြားပြီး လက်နက်ကြီး ပစ်ခတ် နေသလို ကျုံဒိုးအင်းကြီး ရွာဘက်တွက်လည်း KNLA မဟာမိတ် တပ်ဖွဲ့များနှင့် စစ်တပ် စစ်ကြောင်းတို့ တိုက်ပွဲ ဆက်ဖြစ် နေကြောင်း သိရသည်။

March 28, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ဖလူးလေးကျေးရွာ အပြင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (...
March 27, 2026
နမ့်ဆန်းထီ — ကားလမ်းမကြီးနဲ့အတန်ငယ်လှမ်းပြီး မြို့ပြဆူညံသံတွေနဲ့ဝေးတဲ့ လယ်ကွင်းတွေ၊...
Photo: KIC
March 27, 2026
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က စီစဉ်ဖွင့်လှစ်ထားသည့် ကျောက်ခတ်အဆင့်မြင့်ပညာရေးကျောင်း...
March 26, 2026
အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM တွင် ပါဝင်ခဲ့သဖြင့် အမည်ပျက်စာရင်း(Blacklist) သွင်းခံရသူ...