ရခိုင်မှတဆင့် ပြည်မသို့ထွက်ခွာသည့် လူငယ် ၃ဝ ကျော် စစ်ကောင်စီထံ ဖမ်းဆီးခံရ

ရခိုင်မှတဆင့် ပြည်မသို့ထွက်ခွာသည့် လူငယ် ၃ဝ ကျော် စစ်ကောင်စီထံ ဖမ်းဆီးခံရ

ရခိုင်ပြည်အတွင်းမှ ရိုးကိုကျော်ဖြတ်၍ ပြည်မဖက်သို့ ထွက်ခွာသည့် လူငယ် ၃၀ ကျော်သည် မကွေးတိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် အဖမ်းခံလိုက်ရကြောင်း သတင်းရရှိသည်။

အဖမ်းခံလိုက်ရသူများမှာ ယမန်နေ့ သြဂုတ်လ ၅ ရက်က လူငယ် ၁ဝ ကျော်နှင့် သြဂုတ်လ ၄ ရက်တွင် လူငယ် ၂ဝ ကျော်တို့ ဖြစ်ကြသည်။

ယမန်နေ့တွင် ရခိုင်ပြည်၊ တောင်ကုတ်-မအီ- အမ်း ရိုးပေါ်ကို ဖြတ်ကျော်၍ ပြည်မဖက်သို့ အသီးသီးထွက်ခွာကြမည့် လူငယ် ၁၀ ကျော်သည် မကွေးတိုင်းရှိ အထက်မင်းလှအပိုင် စစ်ကောင်စီ၏ ကန်တုတ်စစ်ဆေးရေးဂိတ်အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု မြေပြင်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"သူတို့က မအီ-အမ်းလမ်းကနေ ကျော်လာတာ။ မကွေးဖက်အခြမ်းက ရိုးအောက်က ငကုန်းရွာကနေတဆင့် ပြည်မဖက်ကိုထွက်ဖို့လုပ်တာ။ အဲဒီမှာ စစ်ကောင်စီ ကန်တုတ်ဂိတ်မရောက်ခင် လမ်းမှာ စခန်းငယ်တွေ ရှိတယ်လေ။ အဲဒီစခန်းငယ်တွေကမှာ အဖမ်းခံရတာ။ ပြီးမှ ကန်တုတ်စစ်ဆေးရေးဂိတ်ကို အပို့ခံရတယ်။ ၁၀ ယောက်ကျော်လောက်ပါတယ်" ဟု ပြောသည်။

အလားတူ သြဂုတ်လ ၄ ရက်ကလည်း ရခိုင်ပြည် အမ်း ရိုးပေါ်ကိုဖြတ်ကျော်၍ ပြည်မဖက်ကိုသွားမည့် လူငယ် ၂၀ ကျော်သည် မကွေးတိုင်း၊ ငဖဲအပိုင် ပဒါန်းမြို့အထွက် စစ်ကောင်စီအထိုင်ချထားသည့် နပခ ဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းအနက် ၁၁ ဦးကိုသာ ပြန်လွှတ်ပေးပြီး အခြားသူများသည် ယနေ့အချိန်ထိပြန်မလွတ်ကြသေးဟု ပဒါန်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ဒီလူငယ်တွေက အမ်းရိုးကို ဖြတ်ပြီးထွက်လာတာ။ ပဒါန်းကိုရောက်နေတာ နည်းနည်းကြာပြီ။ ဆွေမျိုးတွေနဲ့ ရင်းနှီးတဲ့အိမ်တွေမှာ ခဏတည်းနေတာ။ ၄ ရက်နေ့က ပဒါန်းကနေ တခြားနေရာမြို့တွေကို သွားဖို့လုပ်နေတာ။ ရန်ကုန်ကို အများဆုံးသွားကြတာများပါတယ်။ အဲဒီမှာ ပဒါန်းအထွက် နပခ ဂိတ်မှာ အဖမ်းခံရတယ်" ဟု ပြောသည်။

သြဂုတ်လ ၄ ရက်နှင့် ၅ ရက် နှစ်ရက်ပေါင်း ဖမ်းဆီးခံရသည့် လူငယ် ၃ဝ ကျော်တွင် ရခိုင်ပြည်အတွင်းမှ ရခိုင်လူမျိုးများအပါအဝင် ချင်းနှင့် အခြားမျိုးနွယ်စုဝင်အချို့လည်း ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့်အထဲတွင် လူငယ်အမျိုးသမီးများလည်း ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် လူငယ်များ၏ နေထိုင်သည့်မြို့နယ်၊ ကျေးရွာများကို နိရဉ္စရာက စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ကလည်း အမ်း ရိုးကို ခြေလျင်ကျော်ဖြတ်၍ ရန်ကုန်တိုင်းဒေသကြီးသို့ ကားဖြင့် ထွက်ခွာသည့် အမျိုးသမီးငယ်များအပါအဝင်လူငယ် ၁ဝ ကျော်သည် မကွေးတိုင်း၊ အထက်မင်းလှအပိုင် စစ်ကောင်စီ၏ ကန်တုတ်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရပြီး ယနေ့အချိန်ထိပြန်မလွတ်လာသေးကြောင်း သိရသည်။

ရခိုင်မှ ပြည်မသို့သွားမည်ဆိုလျှင် တစ်ဦးလျှင် ငွေကျပ်သိန်း(၆၀)အထိ ပွဲစားများကိုပေးရပြီး ပွဲစားများက မကွေးရှိ မင်းဘူးမြို့အထိပို့ဆောင်ပေးကာ မင်းဘူးမှတဆင့် မိမိအစီအစဉ်ဖြင့် ဆက်သွားရကြောင်း သိရသည်။

ဇွန်လအတွင်းကလည်း ရန်ကုန်သို့သွားသည့် ရခိုင်ဒေသခံ ၅၀ ဦးကို ပဲခူးတိုင်း၊ ပြည်မြို့အဝင်ရှိ နဝဒေးတံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...