ကျောက်ဖြူမြို့တွင် အာရက္ခတပ်တော် ( AA)နှင့် စစ်ကောင်စီတပ်တို့အကြား မလကျွန်းနှင့် ပြိုင်းစေ့ကေကြားတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။
မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဒီကနေ့ နံနက်အာရုဏ်တက်ကတည်းက စစ်ကောင်စီဖက်က ထိုးစစ်ဆင်တိုက်ခိုက်တာ။ အင်အားကရာနဲ့ချီပါပါတယ်။ အေအေသိမ်းထားတဲ့ မင်းတက်တောင်အနားအထိ ထိုးစစ်ဆင်တိုက်လာလို့ တိုက်ပွဲပြင်းတယ်။ တိုက်ပွဲပြင်းတာက မလကျွန်းနှင့် ပြိုင်းစေ့ကေကြားမှာ ပြင်းတယ်။
ဒီနေ့တစ်နေကုန်ဖြစ်တယ်” ဟု နိရဉ္စရာကို ပြောသည်။
ကျောက်ဖြူမြို့နယ်က နေရာ (၂)ခုကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဩဂုတ်လ ၃ ရက်နေ့ နံနက်ကစပြီး ထိုးစစ်ဆင်နေသော်လည်း AA က နယ်မြေကျွမ်းပြီး တိုက်ရည်ခိုက်ရည်ကောင်းသဖြင့် စစ်ကောင်စီတပ်မှာ အထိနာပြီး အကျဆုံးများနေသည်ဟု ၎င်းက ပြောဆိုသည်။
ကျောက်ဖြူတွင်မိုးအရမ်းရွာနေပြီး AA က နေရာကောင်းမှ အသင့်စောင့်ဆိုင်းကာ တိုက်ခိုက်သဖြင့် လက်ရှိ တိုက်ပွဲများတွင်စစ်ကောင်စီတပ်က အကျအဆုံးများနေသည်ဟု AA နှင့် နီးစပ်သူ ဒေသအုပ်ချုပ်ရေးမှူးတစ်ဦးကလည်း ပြောသည်။
“ဒီနေ့ ညနေပိုင်းအချိန်ထိတော့ တက်လာတဲ့ စစ်ကြောင်းတွေကို ဟန့်တားထားနိုင်တယ်လို့ ပြောလို့ရတယ်။ စစ်တပ်က အင်အားအများကြီးနဲ့ တက်လာတော့ အေအေက ပြောက်ကျားချတာ။ စစ်တပ်က အလောင်းတွေကတော့ ပုံနေတယ်” ဟု ပြောသည်။
ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ်ရှိ ပြိုင်းစေ့ကေ့၊ မလကျွန်းဖက်မှ စစ်အင်အား ရာနှင့်ချီရှိသည့် စစ်ကောင်စီ စစ်ကြောင်းများသည့် ယနေ့ ဩဂုတ် ၃ ရက်နေ့ နံနက်ပိုင်းကတည်းက AA သိမ်းထားသည့် မင်းတက်တောင်ဖက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာသည်ဟု သိရသည်။
၎င်းပြင် သစ်ပုတ်တောင်တိုက်နယ်၊ ဓညဝတီရေတပ်ဌာနချုပ်မှလည်း စစ်သည်အင်အား ရာနှင့်ချီရှိသည့် စစ်ကြောင်းတစ်ခုသည် (AA) ရှိရာသို့ စစ်ကြောင်းထိုးလာသဖြင့် ကပ်သပြေနှင့် ကုလာဘာကျေးရွာအကြားတွင်
တိုက်ပွဲပြင်းနေသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“ကပ်သပြေနဲ့ ကုလာဘာကြားမှာ ဖြစ်တာ။ တိုက်ပွဲကတော့ သူချ ကိုယ်ချ လက်နက်တွေကလည်း အစုံပစ်နေတယ်။ အဓိကဒရုန်းနဲ့ ပစ်တယ်။ စစ်တပ်က ရေကြောင်းကလည်း ပစ်တယ်။ အခုည နေအထိ ပြင်းတုန်း” ဟု ပြောသည်။
အာရက္ခတပ်တော် (AA)ကို ထိုးစစ်ဆင်တိုက်ခိုက်သည့်အထဲတွင် ဩဂုတ်အစပိုင်းက ကျောက်ဖြူတွင် အင်အားဖြည့်ထားသည့် ပြည်သူ့စစ်များလည်း ပါဝင်ပြီး ထွက်ပြေးမှုများလည်း ရှိနေသည်ဟု မြေပြင်သတင်းအရ သိရသည်။
အမှတ် (၃၂) ရဲတပ်ရင်းအနီးရှိ ပြိုင်းစေ့ကေနှင့် ဓညဝတီရေတပ်ဌာနချုပ်ဖက်ရှိ ကုလာဘာကျေးရွာ အနီးပတ်ဝန်းကျင်တွင် ယခု ဩဂုတ် (၁)ရက်နေ့မှစ၍ အပြန်အလှန် လက်နက်ကြီးလက်နက် ငယ်ပစ်ခတ်သံများကို ကျယ်ကျယ်လောင်လောင် ပြန်လည်ကြားလာရသည်ဟု ကျောက်ဖြူမြို့ခံများက ပြောသည်။
ယင်းအပြင် စစ်ကောင်စီသည်တိုက်ပွဲဖြစ်နေသည့် ကျောက်ဖြူမြို့သို့ အင်အားအနည်းဆုံး ၃၀၀ ကနေ အများဆုံး ၅၀၀ ခန့်အထိ တင့်ကား ၄ စီးနှင့်အတူ ယခုရက်ပိုင်းအတွင်း အင်အားဖြည့်တင်းထားကြောင်း သိရသည်။
ယင်းသို့ အင်အားဖြည့်ပြီးနောက် ယခင်တိုက်ပွဲဖြစ်ခဲ့သည့် နေရာများနှင့် (AA)ထိန်းချုပ်ထားသည့် နေရာများကို စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကျောက်ဖြူသည် စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေအများအပြား ရှာပေးသည့်မြို့ဖြစ်သည့်အပြင် တရုတ်စီမံကိန်းကြီးများလည်း အများအပြားရှိသဖြင့် ကျောက်ဖြူမြို့ AA လက်ထဲမကျစေရန် ကြည်း၊ ရေ၊ လေ အင်အားကို အသုံးပြုကာ ခုခံကာကွယ်နေခြင်းဖြစ်သည်ဟု သိရသည်။







