ပင်လောင်း-လွိုင်ကော် လမ်းမကြီး ပြန်လည်ဖွင့်လှစ်ပြီးနောက် လိုင်းကားများ ပြန်လည်ပြေးဆွဲ

ပင်လောင်း-လွိုင်ကော် လမ်းမကြီး ပြန်လည်ဖွင့်လှစ်ပြီးနောက် လိုင်းကားများ ပြန်လည်ပြေးဆွဲ

ပင်လောင်း-လွိုင်ကော် လမ်းမကြီး စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် တစ်နှစ်ကျော်ကြာ ပိတ်ထားသည့် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ပြီးနောက် လိုင်းကားများ ပြန်လည်ပြေးဆွဲနေကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၃ ရက်မှစတင်ပြီး ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်ကို ပြေးဆွဲနေသည့် လိုင်းကားများ ပြန်လည်ပြေးဆွဲနေပြီဟု လိုင်းကားပြေးဆွဲနေသည့် ပင်လောင်းမြို့ဒေသခံ ကိုကျော် (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လိုင်းကားတွေတော့ အခုပုံမှန်သွားလာလို့ရပြီ၊ ဒါပေမယ့် သူတို့ (စစ်ကောင်စီ)တွေ ဂိတ်တွေအများကြီး ချထားတယ်။ ဂိတ်တွေက တော်တော်လေး စိပ်တယ်၊ ၁၀ ခုထက်မနည်းဘူး” ဟု ကိုကျော်က ပြောသည်။

အဆိုပါ လမ်းမကြီးသည် “၁၁၁၁ စစ်ဆင်ရေး” တိုက်ပွဲများ စတင်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ ပိတ်ထားခဲ့ကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီသည် ကရင်နီ (ကယား) ပြည်အတွင်း ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းအတွက် အဓိကအရေးပါသော ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ရန် ယခုနှစ်ဦးပိုင်းမှစ၍ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ထိုးစစ်ဆင်ခဲ့ပြီးနောက် ဇူလိုင် ၁၁ ရက်တွင် အဆိုပါလမ်းမကြီးကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

“လမ်းက အခုမှပြန်ဖွင့်တာဆိုတော့ ခရီးသည်ကတော့ ရှားတယ်။ အရင်တုန်းက သွားရတဲ့ ဆီဆိုင်-လွိုင်ကော်ဘက်လမ်းထက် ဆိုင်ရင်တော့ အခုလမ်းက ပိုအဆင်ပြေတယ်။ ဒါပေမယ့် ဂိတ်တွေအများကြီး ချထားတော့ ဂိတ်ကြေးပေးရမှာရယ်၊ တိုက်ပွဲတွေ ပြန်မဖြစ်ရယ်ပဲ အရေးကြီးတယ်” ဟု ကိုကျော် (အမည်လွှဲ) က ထပ်လောင်းပြောသည်။

အဆိုပါ လမ်းမကြီး အခြေအနေနှင့် ပတ်သက်၍ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ တာအယ်စိုးကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ တစ်နှစ်ကျော်ကြာ သိမ်းပိုက်ထားသည့် သျှမ်းပြည် မိုးဗြဲမြို့ကို ဇူလိုင်လဆန်းတွင် စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ယခုရက်ပိုင်း၌ ဖယ်ခုံအရှေ့ဖက်ကမ်းကို စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...
December 1, 2025
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...