ကုန်ဈေးနှုန်းတွေမြင့်တက်နေတဲ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသအတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်နေကြရတဲ့ ပြည်သူ့အချို့ဟာ စားဝတ်နေရေးခက်ခဲတာကြောင့် ဌက်ပျောပင်၊ ပိန်းပင်တွေကို ဟင်းအဖြစ်စားသုံးနေရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အပြင် ကုန်စည်တွေ ပြတ်လပ်နေတဲ့အတွက် ဌက်ပျောပင်၊ ပိန်းပင်တွေကို ခုတ်ပြီး ဝမ်းရေးဖြေရှင်းနေရတယ်လို့ စစ်ရှောင်နေတဲ့ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ဆန်ကတော့ အရင်လှူထားတာကျန်သေးတော့ စားနေရတယ်ပေါ့။ ဟင်းကတော့ စစ်ရှောင်တွေ ရွာထဲက ဌက်ပျော်ပင်တွေ ပိန်းပင်တွေ ခုတ်ပြီးချက်စားနေရတယ်။ ပိန်းနဲ့ ဌက်ပျောအူတောင် ရှားနေပြီ။" လို့ ဆိုပါတယ်။
ဖားကန့်အဝင်လမ်းတွေကို စစ်ကောင်စီက ပိတ်ထားတာကြောင့် ဖားကန့်ဒေသမှာ ကြက်ဥတစ်လုံး ၃,၀၀၀ ကျပ်အထိ ရှိလာနေပြီး အသား/ငါးတစ်ပိဿာကိုလည်း ကျပ်သိန်းချီ ပေးဝယ်ရတဲ့အပြင် အခြား
ကုန်ဈေးနှုန်းတွေလည်း ဆက်တိုက် မြင့်တက်နေတာဖြစ်ပါတယ်။ လိုချင်သလိုလည်း ဝယ်ယူလို့မရဘူးလို့ ဆိုပါတယ်။
ဖားကန့်ဒေသမှာ ကုန်ဈေးနှုန်းမြင့်တက်နေတာကြောင့် စစ်ရှောင်တွေရဲ့ ဝမ်းရေးဖြေရှင်းဖို့ အခက်တွေ့နေကြတယ်လို့လည်း စစ်ရှောင်ကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ကျွန်တော်တို့ စစ်ရှောင်တွေကို ဆောင်ရွက်ပေးနေတဲ့သူတွေက ချွေတာပြီးလုပ်နေရတော့ ဘာမှဝယ်စားလို့မရတဲ့ အခြေအနေရောက်သွားတယ်။ အခုတလောတော့ ဖြစ်နိုင်သမျှ လျော့စားတယ်။ အခက်အခဲကတော့ အများကြီးပဲ။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
စစ်ရှောင်တွေတင်မကပါဘူး။ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဖားကန့်ကျောက်စိမ်းတွင်းဒေသနေ ပြည်သူတွေလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။
ဖားကန့်မြို့ဦးကျောင်း၊ဘဘာဝကျောက်လှိုဏ်ဂူကျောင်း၊ရောင်ခြည်ဦးသီလရှင်ကျောင် ၊RC ဘုရားကျောင်း၊ KBC ဘုရားကျောင်းတွေနဲ့ အခြားဘာသာရေးကျောင်းတွေမှာ စစ်ရှောင်ပြည်သူ ငါးထောင်ကျော်လောက် ရှိနေပြီး နေ့တိုင်းစစ်ရှောင်လာကြတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။
မော်မောင်းလယန်ကျေးရွာအနီးက ဆွတ်ဘွမ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲတွေအပြင် အနီးအနားကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ဝင်ပြီး နေအိမ်မီးရှို့ဖျက်ဆီးတာ ဒေသခံတွေကို ဖမ်းဆီးတာတွေရှိတဲ့အတွက် ကျေးရွာဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
ဒါ့အပြင် တိုက်ပွဲအခြေအနေတွေကြောင့် မြစ်ကြီးနား- ဖားကန့်လမ်းတစ်လျှောက် မအူပင်၊ ကျောက်ထု၊ နန့်ယား၊ ကပ်မှော် ၊ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ဆိုင်းဖရာ၊ကျောက်ဖျာ၊နန့်တိန်း၊ပျားအုံ စတဲ့ ကျေးရွာ ဒေသခံတွေ ဖားကန်ဒေသဘက် စစ်ရှောင်လာကြတဲ့သူတွေလည်း ရှိပါတယ်။
တိုက်ပွဲအခြေအနေကြောင့် နှစ်လနီးပါး ပိတ်ထားတဲ့ နန့်ယား-ဖားကန့်လမ်းကို ဇူလိုင်လ ၁၆ ရက်နေ့က KIA ကဖွင့်ပေးခဲ့သလို ဝှေခါ-ဖားကန့်လမ်းကိုလည်း ပြန်ဖွင့်ပေးခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်ကတော့ လက်ရှိ
အချိန်အထိ ပိတ်ထားဆဲဖြစ်ပါတယ်။ အဲဒီလိုပိတ်ထားပြီးတဲ့နောက်ပိုင်း ဖားကန့်ဒေသမှာ ကုန်ဈေးနှုန်းတွေ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီကနေ ဖားကန့်ဒေသကို စစ်ကြောင်းထိုးလာတဲ့အတွက် မြစ်ကြီးနား-ဖားကန့်လမ်းကို KIA/KPDF တွေနဲ့ စစ်ကောင်စီကနေ စစ်ရေးအခြေအနေတွေကြောင့် ပိတ်ထားခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ဖားကန့်ဒေသအတွင်း လက်နက်ကြီးပစ်ခတ်မှုတွေ နေ့တိုင်းဆိုသလိုရှိနေပြီး တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာပါ။







