အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုကြီးထွားလာ

အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုကြီးထွားလာ

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ လေးနှစ်ခွဲကျော်ကာလအတွင်း မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ စစ်လက်နက် ပစ္စည်းအန္တရာယ် ပိုမိုကြီးထွားလာပြီး ပြည်သူလူထုရဲ့ အသက်အန္တရာယ်နဲ့ မိသားစု စားဝတ်နေရေးအပေါ် သက်ရောက်မှု ကြီးမားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ စစ်လက်နက် ပစ္စည်းအန္တရာယ်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် တကျော့ပြန် ကြီးထွားလာခဲ့တာ ဖြစ်ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု လစဉ်နဲ့အမျှ ဖြစ်ပွားနေတာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း မြေမြှုပ်မိုင်းကြောင့် မွန်ပြည်နယ်မှာ အရပ်သားပြည်သူ သုံးဦး သေဆုံးပြီး ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီအရေအတွက်ဟာ စစ်တပ်အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် သုံးဆကျော် မြင့်တက်လာခဲ့တာ ဖြစ်ပြီး ဒေသခံပြည်သူလူထုတွေရဲ့ အသက်အန္တရာယ်ကိုပါ အကြီးအကျယ် ခြိမ်းခြောက်လာပါတယ်။

“ကျွန်တော်က ဒီမိုင်းတွေကြောင့် ခြံထဲ မဆင်းတာ နှစ်နှစ် ရှိပြီ။ ဆင်းလို့လည်း မရဲဘူး။ တစ်ယောက်ပြီး တစ်ယောက် ထိနေတာ။ ပြီးတော့ မိုင်းရှင်းပေးဖို့ တောင်းဆိုရင်လည်း ဘယ်သူမှ မလုပ်ပေးကြဘူး”လို့ မွန်ပြည်နယ် ရေးမြို့နယ်နေ ဥယျာဉ်ခြံပိုင်ရှင် တစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်း အန္တရာယ်ကို ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ခံစားနေရတာ ဖြစ်ပြီး အဲဒီထဲမှာ ကျိုက်ထိုမြို့နယ်နဲ့ ရေးမြို့နယ်ဟာ မြေမြှုပ်မိုင်း အန္တရာယ်ကို အများဆုံး ခံစားနေရတာပါ။

မြေမြှုပ်မိုင်း အန္တရာယ်ကို ဥယျာဉ်ခြံသမားတွေ၊ ရော်ဘာခြံလုပ်သားတွေ၊ နေ့စားအလုပ်သမားတွေအပြင် ခရီးသွားပြည်သူတွေပါ ခံစားနေရတာ ဖြစ်ပြီး ထူးခြားမှုအနေနဲ့ အဲဒီထဲမှာ ကလေးငယ်တွေပါ ပါဝင်နေတာ ဖြစ်ပါတယ်။

အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးနေရတဲ့ မြေမြှုပ်မိုင်းအပေါ် မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက် အပြန်အလှန် စွပ်စွဲမှုတွေ ရှိနေပြီး မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ် အများစုဟာ လက်သည်မပေါ်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

“ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ မိုင်းမထောင်ဖို့ ပြောချင်တယ်။ ထောင်ထားတဲ့ မိုင်းတွေ ရှိရင်လည်း အမြန်ဆုံးဖယ်ရှာပေးဖို့နဲ့ မိုင်းအန္တရာယ် အသိပေးတာတွေ လုပ်စေချင်တယ်” လို့ အမည်မဖော်လိုတဲ့ မွန်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်း တစ်ခုရဲ့တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ICBL ရဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ကမ္ဘာအပေါ်မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု နိုင်ငံစာရင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်နေတာပါ။

အဲဒီအစီရင်ခံစာအရ မြေမြှုပ်မိုင်းကို မြန်မာ အာဏာသိမ်း စစ်တပ်အပြင် တော်လှန်ရေးတပ်ဖွဲ့တွေပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလားပြီး အရပ်သားပြည်သူတွေ သွားလာနေရတဲ့ ပြည်ထောင်စုလမ်းပိုင်းတွေမှာပါ မြေမြှုပ်မိုင်း ထောင်တာတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းမီ မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှု အရေအတွက် ၂၅၂ ဦးသာ ရှိခဲ့ပေမယ့် အာဏာသိမ်းကာလနဲ့ နှိုင်းယှဉ်ရင် ရှစ်ဆနီးပါး တိုးမြှင့်လာတယ်လို့ သိရပါတယ်။

February 10, 2026
အာဏာသိမ်းစစ်တပ်က နိုင်ငံရေးဆင့်ကဲအခင်းအကျင်းတွေကို တဆင့်ချင်း လုပ်ဆောင်နေတဲ့အတွက်...
February 9, 2026
မွန်ပြည်နယ်ရဲ့ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ စစ်ကော်မရှင်တပ်ရဲ့ နေ့စဉ်ရက်ဆက် လက်...
ဓာတ်ပုံ-Social Media
February 7, 2026
ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေး စံချိန်တင်မြင့်တက်လာပြီးနောက် မွန်ပြည်နယ်က ရွှေလုပ်...
ဓာတ်ပုံ-MOI
February 6, 2026
အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ အားလုံးပူးပေါင်းပါဝင်ပေးဖို့ အာဏာသိမ်း စစ်ကော်မရှင်ခန့်...