မရာဒေသခံပြည်သူ ၄ ဦးကို MDF က ထိန်းသိမ်းထားဟု ဆို

မရာဒေသခံပြည်သူ ၄ ဦးကို MDF က ထိန်းသိမ်းထားဟု ဆို

ချင်းပြည်နယ်၊ မရာဒေသမှာ ကျေးရွာဥက္ကဌ ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၄ ဦးကို မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ် (MTC/ MDF) က ဖမ်းဆီးထိန်းသိမ်းထားကြောင်း CDF – မရာ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၇ ရက်တွင် မရာဒေသခံ ပြည်သူ ၄ ဦးသည် CDF - မရာကို ထောက်ခံအားပေးနေသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇူလိုင်လ ၂၃ ရက်အထိ ပြန်လွှတ်မြောက်လာခြင်း မရှိသေးကြောင်း CDF – မရာ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်မှာ ဖမ်းသွားပါတယ်။ CDF-Mara ထောက်ခံလို့၊ သူတို့ကို ဒလန်လို့ စွပ်စွဲပြီးတော့ ဖမ်းဆီးသွားတယ်” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူများသည် ဆော်မှိန်တိုက်နယ်၊ ဖန်တလန်းကျေးရွာ ကောင်စီဥက္ကဌ ဦးလိုင်ဟူးနှင့်‌ ကျေးရွာ ကောင်စီအဖွဲ့ဝင် ဦးမာန်ဒို၊ ခွာပိလူကျေးရွာမှ ဦးငွန်ဆန်၊ ဦးရာမှုန်တို့ ဖြစ်သည်ဟု သိရသည်။

ယင်းဖမ်းဆီးခံထားရသော ဒေသခံပြည်သူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် CDF - မရာက တောင်းဆို ထားသည်။

မရာဒေသခံတချို့ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍လည်း MTC/ MDF ကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရပေ။

IMC/ CDF - မရာ ဌာနချုပ် ဧရိယာသို့ MDF သည် အင်အားအလုံးအရင်း စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်း ထိုးနေပြီး ဇူလိုင်လ ၁၄ ရက်က ထိတွေ့တိုက်ပွဲတချို့ ဖြစ်ပွားသည်ကြောင်း၊ MDF နှင့်အတူ ULA/AA တပ်ဖွဲ့ပါ ပါဝင်သည်ဟု CDF - မရာက ထုတ်ပြန်ထားသည်။

MTC/ MDF မှ ပြောရေးဆိုခွင့်ရှိသူ R. Lakher ကတော့ မရာဒေသတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအတွင်း ULA/ AA ပါဝင်ခြင်း မရှိကြောင်း ဇူလိုင်လ ၂၀ ရက် ပြုလုပ်သော ချင်းပြည်မြောက်ပိုင်း နောက်ဆုံးလှိုင်း ရန်ပုံငွေပွဲမှာ ပြောဆိုသည်။

“အခုအချိန်အထိ ဒီ ပဋိပက္ခ မှာ မဟာမိတ် AA မပါဝင်သေးကြောင်း ပြောလိုပါတယ်။ မရာနယ်မှာ ရွာ ၁၂ရွာရှိတဲ့ အထဲမှာ ၁၀ ရွာကျော်က MTC/MDF ကို ထောက်ခံတဲ့ရွာတွေဖြစ်ပြီး အဲဒီ ဒေသမှာ MTC/MDF ထောက်ခံတဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်ကြောင့် ကွင်းဆင်း သွားရောက်ရာက CDF-Mara နှင့် ထိတွေ့မှုဖြစ်ရတာပါ” ဟု MTC/ MDF မှ ပြောရေးဆိုခွင့်ရှိသူ R. Lakher က ပြောသည်။

မရာဒေသ ပဋိပက္ခတွင် IMC/ CDF - မရာ ဘက်မှ CNF/CNA အပါအဝင် ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်လာလျှင် MTC/MDF ကလည်း ULA/ AA အပါအဝင် အခြားသော မဟာမိတ်တပ်ဖွဲ့များကို ခေါ်မည်ဟု R. Lakher က အသိပေးသည်။

ဇူလိုင်လဆန်းမှ စတင်၍ မရာဒေသတွင် MTC/ MDF နှင့် IMC/ CDF - မရာ တို့က စစ်ရေးတင်းမာလျက်ရှိရာ အချင်းချင်းကြား ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားထားသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...