ပဲခူးတိုင်းအတွင်း ရဲစခန်းတစ်ခု ဝင်တိုက်၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ပဲခူးတိုင်းအတွင်း ရဲစခန်းတစ်ခု ဝင်တိုက်၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ပဲခူးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ လက်ဆည်ကျေးရွာ ရဲစခန်းကို အညာမြေတပ်ပေါင်းစုနှင့် မဟာမိတ်တပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု မြေပြင်တာဝန်ရှိသူများက ပြောသည်။

လူအင်အား ၂၅ ဦး ဝန်းကျင်ဖြင့် ဝင်ရောက်တပ်စွဲထားသည့် လက်ဆည်ရဲစခန်းကို ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက် ၄ နာရီခွဲ အချိန်ခန့်၌ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဖက်မှ စစ်ကူအလျှင်အမြန် ရောက်ရှိလာမှုကြောင့် အလုံးစုံသိမ်းပိုက်နိုင်တော့မည့် အခြေအနေတွင် ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု ဆိုသည်။

အညာမြေတပ်ပေါင်းစု သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်စင်က “သူတို့ဖက်က ကျဆုံးနဲ့ ဒဏ်ရာ ရကတော့ ပွဲချိန်အတွင်းမှာ ဒီတိုင်းပဲ၊ ကျနော်တို့ဖက်က ကျည်တွေ ထိမှန်ပြီး ကျဆုံးသွားပြီးတော့ တစ်ယောက်ကိုတော့ ကယ်ထုတ်သွားတာ အဲလိုမျိုးပေါ့။ ကျနော်တို့ သူတို့ပုံတွေတော့ မရခဲ့ဘူးပေါ့ဗျာ” ဟု ပြောသည်။

စစ်ဆင်ရေးအတွင်း ရဲတန်းလျား ၄ ဆောင်၊ ဘန်ကာ ၄ ခု အထိ သိမ်းပိုက်နိုင်ခဲ့ပြီး ပင်မအဆောင်နှင့် ဘန်ကာ ၂ ခုအား ထပ်မံရရှိရန်အတွက် အပြန်အလှန်ပစ်ခတ်နေစဉ် တော်လှန်ရေး အင်အားစုများဘက်မှ ကျည်ကုန်သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် အပြန်အလှန်ပစ်ခတ်မှုအတွင်း အညာမြေတပ်ပေါင်းစုမှ အသက် ၁၉ နှစ်အရွယ် ရဲဘော်ဆိုင်းနှောင် (ခ) ထွန်းခနှင့် အမှတ် ၈ စစ်ကြောင်းမှ အသက် ၃၆ နှစ်အရွယ် ရဲဘော်နဂါးတို့ ၂ ဦး ကျဆုံးခဲ့ရပြီး အသေးစားဒဏ်ရာ ရရှိသူလည်း တစ်ဦးပါဝင်သည်ဟု ကိုဘိုဘိုသန့်စင်က ဆက်ပြောသည်။

“ကျဆုံးရဲဘော် ၂ ယောက်ကလည်း အပြန်အလှန်ပစ်ကြရင်းနဲ့ ကျနော်တို့ဖက်ကနေ ပွဲချင်းပြီး ကျတာပါ။ ကျနော်တို့ဖက်က တစ်ယောက်ပဲ ပြန်ပြီးတော့ ရခဲ့ပြီးတော့ တယောက်ကတော့ ကျနော်တို့ ရဲဘော်နဂါးရဲ့ Dead Body (အလောင်း)ကတော့ ပြန်မရခဲ့ဘူးပေါ့။ ဒဏ်ရာရတဲ့ ရဲဘော်ကတော့ တယ်လီဂရမ်မှာ လှည်းလေး နဲ့ သယ်နေတဲ့ ပုံကို တင်ထားတယ်နော်။ 

သူကတော့ အခုချိန်မှာ မစိုးရိမ်ရတော့ဘူး။ ပြန်ပြီးတော့ တော်တော်ကို ကောင်းသွား ပြီပေါ့။” အဆိုပါ စစ်ဆင်ရေးကို အမှတ် (၈) စစ်ကြောင်း ဦးဆောင်မှုဖြင့် အညာမြေ တပ်ပေါင်းစု၊ ပခုက္ကူခရိုင်တပ်ရင်း - ၁၉ တပ်ခွဲ - ၃၊ ဆိပ်ဖြူ ဗိုလ်မထား တပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု (PLC)၊ ပြည်သူ့တော်လှန်ရေး တပ်ဦး (PRF)၊ ကိုရေခဲနှင့် ကိုဗလ ဦးဆောင်သော လူငယ်ပြောက်ကျား တပ်ဖွဲ့၊ God of myaing၊ PL PDF၊ ကိုရေခဲနှင့် ကိုဗလတို့ ဦးဆောင်သော လူငယ်ပြောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်းဖော်ဆောင်ခဲ့ပြီး Type 81 သေနတ် ၂ လက် ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့ မြေပြင် သတင်းပေးပို့ချက်အရ လက်ဆည်ရဲစခန်းတွင် စစ်ကောင်စီက လူအင်အား အလုံးအရင်းဖြင့် စစ်ကူဖြည့်တင်းထားပြီး ခံစစ်အနေအထား ပြင်ဆင်ထားသည်ဟု ဆိုသည်။

Most read this week

December 23, 2025
ကချင်ပြည်ထဲက မိုးကောင်း၊ ဗန်းမော်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် စစ်ကော်မရှင်တပ်နှင့်...
December 22, 2025
ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်တပ်က မဲမထည့်မနေရ ဖိအားပေးနေပြီး အတုအယောင်...
December 19, 2025
တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်း CDM ဆရာမ တစ်ဦးနှင့် သူ၏  ခင်ပွန်းတို့ ဓါးဖြင့်...
December 18, 2025
စစ်ကော်မရှင်က ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက် လက်...