တောင်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ပေါင်း စစ်ရေးမဟာမိတ်သဘောတူညီမှုယူအပြီး မွန်ကရင် စစ်ရေးပူးပေါင်းလှုပ်ရှား

တောင်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ပေါင်း စစ်ရေးမဟာမိတ်သဘောတူညီမှုယူအပြီး မွန်ကရင် စစ်ရေးပူးပေါင်းလှုပ်ရှား

မြန်မာပြည်တောင်ပိုင်းတိုင်းအခြေစိုက် မွန်၊ ကရင်၊ ကရင်နီ(ကယား) တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ပေါင်း စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းတိုက်ပွဲဝင်ရန် သဘောတူညီမှုယူအပြီး ယခု ဇူလိုင်လအတွင်း ကေအဲန်ယူ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မွန်တော်လှန်ရေးအဖွဲ့တို့ စစ်ရေးပူးပေါင်းလှုပ်ရှားမှုရှိခဲ့ကြောင်း KNLA သတင်းအရင်းအမြစ်မှ သိရသည်။

ကရင်၊ ကရင်နီနှင့် မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမည့် လက်မှတ်ရေးထိုး သဘောတူညီထားမှုရှိခဲ့ကြောင်း ပြီးခဲ့သည့် ဇွန်လ(၂၄)ရက်နေ့က မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေး(NMSP-AD)/ရာမညမွန်တပ်တော်၏ အခြေခံစစ်သင်တန်းအပတ်စဉ်(၄) သင်တန်းဆင်းပွဲတွင် အဖွဲ့တာဝန်ရှိသူ နိုင်ဇေယျက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လမှစ၍ KNLA ဘက်တွင် မွန်လက်နက်ကိုင်အဖွဲ့နှင့်စစ်ရေးပူးပေါင်းလှုပ်ရှားသွားရန် အမိန့်ညွှန်ကြားချက်ရှိခဲ့သည်။ ယခုဇူလိုင်လဒုတိယအပတ်ကလည်း နတ်အိမ်တောင်စခန်းကိုလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာတွင် မွန်လက်နက်ကိုင် အဖွဲ့ပါဝင်လာသည်ဟု တပ်မဟာ(၆) စစ်ဒေသ(၂) တပ်ရင်း(၂၇)တာဝန်ရှိသူက ပြောသည်။

“ဒီလ ၆ လပိုင်းကနေစပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက် NMSP-AD နဲ့ ကျနော်တို့ ပူးပေါင်းဆောင်ဖို့ နှစ် ဘက်သော အထက်က အမိန့်ကျတာရှိပါတယ်။ ကျနော်တို့ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုရှိဖို့ အတွက်ဖြစ်တယ်ပေါ့နော်။ အဲဒီမှာ PDF ဒေါနစစ်ကြောင်းတစ်ကြောင်းလည်းရှိတယ်။ ကျနော်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ပါတယ်။” ဟု ကေအိုင်စီသို့ ဇူလိုင်လ(၁၅)ရက်နေ့က ပြောသည်။

နိုင်ဇေယျ၏ မိန့်ခွန်းပြောကြားချက်တွင် စစ်ရေးမဟာမိတ်သဘောတူညီထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အမည်အတိအကျမပါဝင်သော်လည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP နှင့် ကေအဲန်ယူတို့ပါဝင်ကြသည်ဟု မွန်အခြေစိုက်မီဒီယာအချို့က ဖော်ပြသည်။

မွန်နှင့် ကရင် စစ်ရေးပူးပေါင်းလှုပ်ရှားလျက်ရှိသည့် နတ်အိမ်တောင်စစ်ကောင်စီစခန်းမှာ ထိုင်း-မြန်မာနယ်စပ် ကေအဲန်ယူတပ်မဟာ(၄)နှင့်တပ်မဟာ(၆) စစ်ဒေသ(၂)နယ်မြေအကြားရှိပြီး KNLA တပ်ရင်း(၂၇)၊ (၁၀)၊ (၁၂) တို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDFများနှင့် မွန်လက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်းစစ်ရေးလှုပ်ရှားကြသည့် နယ်မြေတွင်းလည်းရှိသည်။

စစ်ရေးမဟာမိတ်အဖြစ် သဘောတူညီချက်အတွင်း ပါဝင်လက်မှတ်ထိုးထားကြသည့် အဖွဲ့ဝင်စာရင်း အသေးစိတ်ကိုမူ တောင်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဘက်က တရားဝင် ထုတ်ပြန်လာခြင်း မရှိသေးပါ။

မွန်ဘက်တွင် NMSP-AD လက်အောက်ရှိ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(MNLA-AD) က မွန်ပြည်လွတ်မြောက်ရေးတပ်မတော်-MLA နှင့်ပူးပေါင်းပြီး ရာမညမွန်တပ်တော်-RMA အဖြစ်ဖွဲ့စည်းပြီး စစ်ရေးလှုပ်ရှားသလို မွန်ပြည်ကာကွယ်ရေးတပ်-MSDF နှင့် မွန်ပြည်တော်လှန်ရေးတပ်-MSRF တို့လည်း လှုပ်ရှားမှုရှိသည်။

ကရင်နီဘက်တွင်လည်း KNPP လက်အောက်ခံ ကရင်နီတပ်မတော်-KA နှင့် KA စစ်ရေးကွပ်ကဲမှုလက်အောက်ခံ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ရင်းတပ်ဖွဲ့များအပြင် ဒေသခံ PDF တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားနေသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...