ပေါင်းတည်ထောင်တွင် နိုင်ကျဉ်းတစ်ဦး ရုတ်တရက် သေဆုံး

ပေါင်းတည်ထောင်တွင် နိုင်ကျဉ်းတစ်ဦး ရုတ်တရက် သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည် အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားတစ်ဦး ရုတ်တရက် သေဆုံး သွားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ယက် (PPNM) က ထုတ်ပြန်သည်။

ပေါင်းတည်ထောင်တွင် အသက် ၄၅ နှစ်အရွယ် ကိုလှမင်း (ခ) ကိုလှကြီးသည် ဇူလိုင်လ ၅ ရက်နေ့၌ ကျန်းမာ သန်စွမ်းလျှက်ရှိနေခဲ့ရာမှ ရုတ်တရက် နှလုံးရပ် သေဆုံးခဲ့ခြင်း ဖြစ်သည်။

PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ကျနော်တို့ လက်ရှိ အတည်ပြုထား သလောက်တော့ ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးသွားတယ်လို့ သိထားရပါတယ်။ ရောဂါခံ ရှိတယ်ဆိုတာမျိုးတော့ မသိထားဘူးပေါ့ နော်။ ရောဂါခံ မရှိဘူး ဆိုပေမယ့် ရုတ်တရက်နှလုံးရပ်ပြီး ဆုံးသွားတယ်ဆိုတဲ့ အခြေနေတစ်ရပ်တော့ ဖြစ်ပေါ် ခဲ့တယ်လို့ ကနဦး သိရှိထားရပါတယ်” ဟု ပြောသည်။

သေဆုံးသူ ကိုလှမင်းမှာ ပုဒ်မ ၅၀ – ည ဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံနေရသူ ဖြစ်ပြီး ၎င်းမှာ သတိလစ် မေ့မျော နေစဉ်အတွင်း ပြင်ပဆေးရုံသို့ ပို့ဆောင်သည့်အချိန်တွင် ဆေးရုံ၌ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ကိုသိုက်ထွန်းဦးက “နာရေးကိုတော့ အကျဉ်းဦးစီးကနေ ဦးဆောင် သဂြိုဟ်ခဲ့ပြီးမှ မိသားစုဝင်တွေ လိုက်ပါ ပို့ဆောင်ခွင့် ရခဲ့တယ်လို့ ကျနော်တို့ သိရှိထားရပါတယ်” ဟု ဆက်ပြောသည်။

ပုဒ်မ ၅၀-ညမှာ ပြည်သူ့ ငြိမ်ဝပ်ပိပြားရေးအား နှောင့်ယှက်ခြင်း၊ သတင်းအချက်အလက်များ မျှဝေခြင်း၊ သိုလှောင်ခြင်း စသည့် အကြောင်းအရာများအား အရေးယူရန်အတွက် စစ်ကောင်စီက ၂၀၂၁ ခုနှစ်တွင် ပြဌာန်း ခဲ့ခြင်းဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ၁၀ နှစ် အပြင် တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်သည်ဟု ဆိုသည်။

ပေါင်းတည်ထောင်မှာ ထောင်အငယ် ဖြစ်သည့် အလျောက် အကျဉ်းသားများအား ဆိုးရွားစွာ ဖိနှိပ်မှုများ မရှိသည့်အပြင် လတ်တလော ထောင်ဝင်စာသည်လည်း အလွယ်တကူ ပို့ဆောင်၍ရနေသည့် အနေအထားတွင် ရှိသဖြင့် ကိုလှမင်း (ခ) ကိုလှကြီး၌ ရောဂါခံ ရှိမရှိအား ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်ဟု PPNM တာဝန်ရှိသူ များက ဆိုသည်။

သို့သော် PPNM ၏ စောင့်ကြည့် လေ့လာမှုများအရ ပေါင်းတည်ထောင်သည် အခြား အကျဉ်းထောင်များနည်းတူ ဆေးဝါးမလုံလောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေဆဲ ဖြစ်သည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

၂၀၂၅ ခုနှစ်အတွင်း ဇူလိုင်လ ၈ ရက်နေ့အထိ စစ်ကောင်စီ ထိန်းချုပ်ထားသည့် အကျဉ်းထောင်များတွင် ဆေးဝါး မလုံလောက်ခြင်း၊ ဆေးကုသခွင့် မရရှိခြင်းတို့ကြောင့် သေဆုံးခဲ့ရသည့် နိုင်ကျဉ်းပေါင်း ၁၄ ဦး အထိ ရှိပြီဟု PPNM က စာရင်းပြုစုထားသည်။

April 20, 2026
ကော်သူးလေ အတိုင်ပင်ခံ ကောင် စီနှင့် အုပ်ချုပ်ရေးကောင်စီတို့သည် နယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရား...
April 11, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် QR စနစ်ဖြင့် စက်သုံးဆီရောင်းချမှု တစ်ပတ်နီးပါးကြာမြင့်လာပြီ...
April 10, 2026
အိန္ဒိယ - မြန်မာနယ်စပ် ခြံစည်းရိုးကာရံရေး လုံခြုံရေးယူနေသည့် အိန္ဒိယတပ်ဖွဲ့ဝင်များ...
April 9, 2026
အငြိမ်းစား ဗိုလ်ချုပ်ဟောင်းများ အများအပြား ပါဝင်သည့် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး အမည်စာရင်းကို...