သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့အနီး အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ယမန်နေ့ (ဇူလိုင် ၈ ရက်) ညနေပိုင်းက စစ်ကောင်စီတပ် ပြန်လည်သိမ်းပိုက်သွားပြီး မြို့တွင်းဝင်ရောက်ရန် စုဖွဲ့ပြင်ဆင်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ (ဇူလိုင်လ ၉ ရက်) တွင် ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်က TNLA ပူးပေါင်းတပ်များ ခံစစ်ပြင်ဆင်ထားသည့် ဆမ္မဆယ်ကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နောင်ချိုခံစစ် ပြိုကွဲသွားပြီဟု ယူဆနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။
“(၆၀၆) ဒုံးတပ်ကတော့ TNLA က မြေထိုးစက်နဲ့ မြေလှန်ထားတော့ ဘာမှ မရှိတော့ပါဘူး။ ဒီမနက်လည်း တိုက်ပွဲကတော့ ဆက်ဖြစ်နေတာပဲ။ စစ်တပ်ဘက်ကတော့ မြို့ထဲဝင်ဖို့ စုဖွဲ့ပြင်ဆင်နေပြီလို့ ကြားတယ်။ TNLA ဘက်က မြို့အနာခံပြီး မြို့ထဲမှာ တိုက်မယ်လို့ မထင်ဘူး” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
နောင်ချိုမြို့နှင့် ၃ မိုင်ခန့်အကွာ (၆၀၆) ဒုံးတပ်ရင်း အနီးရှိ နမ့်ဆောင်ဟူးကျေးရွာကိုလည်း စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ထားကြောင်း ဒေသခံများက အတည်ပြုသည်။
“နောင်ချိုမြို့ကို စစ်တပ်က ပြန်ရသွားပြီလို့ ပြောလို့ရနေပြီ၊ ဒီရက်ပိုင်းမှာ မြို့ထဲဝင်မယ် ထင်တယ်။ ဒါပေမဲ့ ရှေ့ဆက် ဘာဖြစ်မလဲ ဆိုတာကတော့ ပြောရခက်ပါတယ်၊ စစ်ရေး ဆိုတာတော့” ဟု ၎င်းစစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။
စစ်ကောင်စီတပ်အနေဖြင့် ထိခိုက်ကျဆုံးမှုများစွာဖြင့် နောင်ချိုပြန်ရရေး စစ်အင်အားအလုံးအရင်း ထိုးစစ်ဆင်နေသည်မှာ ၄င်းတို့တပ်များ အောင်စိတ်ပြန်ရရေး ဝါဒဖြန့်ရန် ရည်ရွယ်နေကြောင်း ထင်ရှားသည်ဟု ၎င်းက ဆက်ပြောသည်။
“ထိုးစစ်က ထုနဲ့ထည်နဲ့ စစ်ကြောင်းတွေ အများကြီးခွဲပြီး ထိုးတာ အကျများပါတယ်။ အလောတကြီး ဖြစ်လွန်းနေတယ်။ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပေါ့” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ထောက်ပြသည်။
ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့ စစ်ကောင်စီတပ်က လက်နက်ကြီး ၁၂၇ လုံးနှင့် ဒရုန်း အသုံးပြု၍ ဗုံး ၄၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်ကောင်စီတပ် စစ်ကြောင်းများမှာ ပြည်ထောင်စုလမ်းမကြီးတလျှောက် အုမ္မသီးကျေးရွာမှ ကျောက်ကြမ်းအနီးသို့လည်းကောင်း၊ တောင်ခမ်းဘက်မှ နမ့်ဆောင်ဟူး ကျေးရွာအကျော်သို့ ရောက်ရှိလာပြီးနောက် TNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီလော်ဘီများ၏ သတင်းတုသတင်းမှားများတွင် ဖော်ပြသကဲ့သို့ လက်လွှတ်ရမည့် အနေအထား မရှိသေးဘဲ အတတ်နိုင်ဆုံး ခုခံတိုက်ခိုက်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇူလိုင် (၅) ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုထားသည်။
အခြားတစ်ဘက်တွင် စစ်ကောင်စီနှင့် TNLA အကြား အပစ်အခတ် ရပ်စဲနိုင်ရန် တရုတ်အစိုးရမှ စစ်ကောင်စီနှင့် TNLA ထိပ်ပိုင်းခေါင်းဆောင်များကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တစ်ဖွဲ့ချင်း ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပြီး တရုတ်၏ ကြားဝင်မှုမှာ ခရီးရောက်ကြောင်း လွေးယေဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။







