သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် ဒေသခံများ ထပ်မံစစ်ဘေးရှောင်တိမ်းနေရကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စ၍ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက် လာခဲ့ခြင်းကြောင့် ကျောက်မဲမြို့အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင်များနှင့် ဒေသခံများသည် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းရှိ တောင်ခြေကျေးရွာဘက်သို့ ထပ်မံရှောင်တိမ်း နေကြရသည်ဟု မြို့ခံများထံမှ သိရသည်။
“မနေ့ကပဲ တောင်ခြေဘက်ကို စစ်ရှောင်လာခဲ့ရတယ်။ အစ်မတို့နားက ရုံးရှိတော့ မနေရဲတော့ဘူး။ လူပြောလည်း တအားများတော့ ကလေးတွေလည်း ကြောက်နေကြလို့လေ။ စစ်မရှောင်ချင်တော့လို့ ပေတေပြီး အောင့်အီးနေတာ၊ နေလို့မဖြစ်တော့လည်း ရှောင်ရတာပေါ့ကွယ်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထိုကဲ့သို့ စစ်ဘေးရှောင်ရသောကြောင့် ကျောက်မဲမြို့တွင် မနက်ပိုင်းမျှသာ လူစည်တော့ကြောင်း၊ နေ့လည် ၁၂ နာရီ နောက်ပိုင်းတွင် မြို့ထဲတွင် လူသူကင်းမဲ့ကာ ခြောက်ကပ်နေပြီး ဆိုင်များလည်း ပိတ်ထားကြောင်း ၎င်းစစ်ဘေးရှောင်က ထပ်လောင်းပြောသည်။
ထို့အပြင် ထပ်မံစစ်ဘေးရှောင်ခဲ့ရသောကြောင့် စားဝတ်နေရေးအတွက် ခက်ခဲကြောင်းနှင့် မည်မျှကြာအောင် စစ်ရှောင်ရမည်ကို မသိကြောင်း အဆိုပါ စစ်ဘေးရှောင်အမျိုးသမီးက ဆက်ပြောသည်။
“အရမ်းစိတ်ဆင်းရဲတာပေါ့၊ လက်ထဲက ပိုက်ဆံလေးကြည့်လိုက် ဘယ်နှရက် နေရမလဲ မသိလိုက်နဲ့ အမျိုးမျိုး တွေးပူနေရတာပဲ။ အခြေအနေကတော့ ဘယ်လောက်ကြာအောင် ရှောင်နေရဦးမလဲ မသိသေးပါဘူး။ ဆန်ငါးပြည်ပဲ ပါလာခဲ့တယ်။ မီးဖိုပါလာတာလည်း ဒီရောက်တော့ ကွဲသွားတယ်။ ဝယ်စားဖို့က ဆိုင်တွေတော့ ရှိတယ်။ တတ်နိုင်တဲ့သူတွေက ခပ်စောစောထဲက ရှောင်နေကြတယ် ခုမှရှောင်တာတော့ များတယ်” ဟု ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် စစ်ကောင်စီတပ်မှ ကျောက်မဲမြို့ပေါ်သို့ သုံးကြိမ်ထက်မနည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပျက်အစီးနှင့် ထိခိုက်မှုများပြီး အရပ်သားစုစုပေါင်း (၅)ဦး သေဆုံးကာ (၂၁)ဦး ဒဏ်ရာရရှိခဲ့ပြီး ကမ္ဘောဇသျှမ်းကျောင်းကြီး အနီးတဝိုက်တွင်လည်း အထိအခိုက်များခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး စစ်ကောင်စီတပ်မှ နောင်ချိုမြို့ကို မြေပြင်နှင့် ဝေဟင် နှစ်မျိုးလုံးဖြင့် ထိုးစစ်ဆင်နေပြီး ကျောက်မဲမြို့နှင့် သီပေါမြို့ကိုလည်း လေကြောင်းတိုက်ခိုက်နေခြင်းသည် လာမည့် ဩဂုတ်လ၌ တရုတ်နိုင်ငံတွင် ပြုလုပ်မည့် စစ်ကောင်စီနှင့် TNLA ဆွေးနွေးမှုတွင် အသာစီးရရန် ဖိအားပေးနေခြင်း ဖြစ်သည်ဟု DPLA တပ်သားတစ်ဦးက သုံးသပ်ပြောသည်။
“စစ်တပ်ကတော့ နောင်ချိုကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်တွေ လုပ်နေတယ်။ လေယာဉ် ဒရုန်းတွေလည်း ရှယ်သုံးလာတာ။ ခုဆို နောင်ချိုမြို့နဲ့ စစ်ဖြစ်တဲ့ နေရာနဲ့ ၄ မိုင်လောက်ပဲ ဝေးတော့တာ။ သီပေါတို့ ကျောက်မဲတို့ကိုလည်း ဗုံးကြဲနေတာ ရက်ခြားပြီး ကြဲနေတာ။ သူတို့က လာမယ့် ဆွေးနွေးပွဲမှာ အသာစီးရဖို့ ဖိအားပေးတယ်လို့ မြင်မိတယ်” ဟု အဆိုပါ DPLA တပ်သား တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၄)ရက်နေ့တွင်လည်း စစ်ကောင်စီက သီပေါမြို့ရှိ ဆေးရုံနှင့် စိုက်ပျိုးရေးဝင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ် (၈)လုံး ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။
လက်ရှိတွင် TNLA အနေဖြင့် မြို့ပေါင်း (၁၂)မြို့ကို ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်မှ ဧပြီလ တွေ့ဆုံဆွေးနွေးပွဲအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို လက်လွှတ်ရန် တောင်းဆိုခဲ့ရာ သဘောတူညီမှု မရရှိခဲ့ဘဲ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် လာမည့်ဩဂုတ်လအတွင်း စစ်ကောင်စီနှင့် TNLA တို့ ထပ်မံတွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။







