ကျောက်ဖြူတွင် တိုက်ပွဲပြင်းထန်နေ၍ စစ်ဘေးရှောင်ဦးရေ နှစ်သောင်းကျော်အထိ ရှိလာ

ကျောက်ဖြူတွင် တိုက်ပွဲပြင်းထန်နေ၍ စစ်ဘေးရှောင်ဦးရေ နှစ်သောင်းကျော်အထိ ရှိလာ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် စစ်ဘေးရှောင်ဦးရေ နှစ်သောင်းကျော်အထိ ရှိလာနေသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူများမှ သိရသည်။

ကျောက်ဖြူမြို့နယ်တွင် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်အတွင်း တိုက်ပွဲမဖြစ်မီက စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုများကြောင့် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေခဲ့ရသည့် ဒေသခံ ရှစ်ထောင်ခန့်သာရှိခဲ့သည်ဟု ကျောက်ဖြူမြို့နယ် စစ်ဘေးရှောင် အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီမှ သိရသည်။

ယခု ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ကာ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့ အပြန်အလှန်တိုက်ပွဲများပြင်းထန်စွာဖြစ်လာခဲ့သည့်အတွက် ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်လျက်ရှိရာ မြို့နယ်တစ်ခုလုံးတွင် ပြီးခဲ့သည့်ဇွန်လအထိ စုစုပေါင်း စစ်ဘေးရှောင်ဦးရေ နှစ်သောင်းနှစ်ထောင်ကျော်အထိ ရှိလာနေသည်ဟု အဆိုပါကော်မတီတာဝန်ခံ ကိုအောင်အောင်က နိရဉ္စရာကို ပြောသည်။

“ကျနော်တို့ ဒီဘက်မှာ ကျောက်ဖြူ ထိုးစစ်စတယ်ဆိုကတည်းက စစ်ရှောင်တွေကတော့ အတော်လေး တိုးသွားပါတယ်။ အခုဆိုရင် စုစုပေါင်းဆိုရင် ကျနော်တို့ ပြီးခဲ့တဲ့လအထိဆိုရင် ၂၂၃ဝ၈ ယောက်ရှိခဲ့ပါတယ်”ဟု ပြောသည်။

အဆိုပါစစ်ဘေးရှောင်များသည် ဘေးလွတ်ရာ အဆင်ပြေသည့်နေရာများတွင် တဲထိုးနေထိုင်နေရပြီး နေရာထိုင်းခင်း၊ စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ပြောသည်။

အထူးသဖြင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်ဟုလည်း ကိုအောင်အောင်က ဆက်ပြောသည်။

“ကျနော်တို့ကော်မတီက လှူဒါန်းပေးနေတယ်ဆိုတာကလည်း ဆန်ရိက္ခာတစ်ခုတည်းဖြစ်ပါတယ်။ ဆီတွေ၊ ဆားတွေ၊ အချို့မှုန့်၊ ငရုပ်သီးခြောက်တွေ၊ ကြက်သွန်ဥတွေကတော့ အမြဲတမ်းလိုအပ်နေတာပါပဲ” ဟု ပြောသည်။

ကျောက်ဖြူမြို့သည် စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့ဖြစ်ပြီး မြို့နယ်တွင်းရှိ ကျေးရွာအများစုကို AA က ထိန်းချုပ်ထားနိုင်ပြီဟု သိရသည်။

လက်ရှိတွင်လည်း ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို AA က ဆင်နွှဲလျက်ရှိပြီး စစ်ကောင်စီဘက်ကလည်း ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံဖြင့် ခုခံနေသည့်အတွက် တိုက်ပွဲမှာ ပြင်းထန်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ အမှတ်(၃၂) ရဲတပ်ရင်းအနီး ပြိုင်းစေ့ကေအနီးအနားဝန်းကျင်၊ မလကျွန်းဧရိယာဝန်းကျင်နှင့် သစ်ပုတ်တောင်တိုက်နယ် ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ ကပ်သပြေဝန်းကျင်တို့တွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)လက်အောက်ခံ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)၏စာရင်းအရ ရခိုင်ရှိ လွတ်မြောက်မြို့နယ်များတွင် စစ်ဘေးရှောင်ဦးရေ ခြောက်သိန်းကျော်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...