အာရက္ခတပ်တော် (AA) ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ တောင်စောက်တောင် တရုတ်ဓာတ်အားခွဲစက်ရုံသို့ ကုန်ပစ္စည်းများပို့ဆောင်ရန်လာသော ကုန်တင်ကားလေးစီးကို စစ်ကောင်စီတပ်က
တားဆီးစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ရသည်ဟု သတင်းရရှိသည်။
အဆိုပါကုန်ကားများသည် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့တွင် တောင်စောက်တောင်ရှိ တရုတ်ဓာတ်အားခွဲစက်ရုံသို့ လိုအပ်သည့် ကုန်ပစ္စည်းများတင်ဆောင်ပြီးလာစဉ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ ဂုတ်ကြီးရွာအနီး စစ်ကောင်စီ၏ တပ်မ (၉၉) စစ်ကြောင်းက AA ထံ ရိက္ခာပို့သည့်သံသယဖြင့် စစ်ဆေးမှုပြုလုပ်ခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောသည်။
"ပြည်မဖက်ကနေ တရုတ်ဝန်ထမ်းနဲ့ လုပ်သားတွေ ရှိတဲ့နေရာကို ပစ္စည်းပို့တာ ကား (၄) စီးနဲ့။ အဲဒါကို စစ်ကောင်စီ ဂုတ်ကြီးစစ်ဆေးရေးဂိတ်နားက တပ်မ (၉၉) အဖွဲ့က စစ်တာ။ အထုပ်တွေကို အောက်ချခိုင်းတယ်။ ဖောက်ခိုင်းတယ်။ အဲဒါကို ကားသမားတွေက မလုပ်နိုင်ဘူးလေ။ ပစ္စည်းတွေကများပြီး အခက်ခဲရှိတော့။ သူတို့ အဓိကစစ်ဆေးတာက AA ကိုပို့မယ့် ရိက္ခာတွေပါလား၊ ဘာညာပေါ့။ နောက်တော့ မရတဲ့အဆုံး တရုတ်ဖက်ကို အကြောင်းကြားလိုက်တော့ စစ်ကောင်စီဖက်က အရှုံးပေးလိုက်ရတယ်။ ချထားတဲ့ပစ္စည်းတောင် ပြန်တင်ပေးလိုက်ရတယ်" ဟု ပြောသည်။
အမ်းမြို့နှင့် မိုင် ၂၀ အကွာတွင်တည်ရှိသည့် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဓာတ်အားခွဲစက်ရုံအား လုံခြုံရေးယူထားခဲ့သော တောင်စောက်တောင်စစ်ကောင်စီစခန်းကို AA က ပြီးခဲ့သည့် ဇန်နဝါရီလအစပိုင်းတွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် AA ထိန်းချုပ်သည့် နယ်မြေရှိ အဆိုပါတရုတ်ဓာတ်အားခွဲစက်ရုံသည် ပုံမှန်လည်ပတ်လျက်ရှိပြီး တရုတ်ဝန်ထမ်းများနှင့် လုပ်သားများမှာလည်း သူ့အလုပ်သူဆက်လုပ်နေသည်ဟု AA နှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။
"တရုတ်စီမံကိန်းကတော့ လည်ပတ်နေတယ်။ ပုံမှန်အတိုင်းပါပဲ။ ထူးထူးခြားခြားမရှိဘူး" ဟု ပြောသည်။
တရုတ်ပိုက်လိုင်း ဓာတ်အားခွဲစက်ရုံရှိသည့် အဆိုပါတောင်စောက်တောင်အနီးအနားကိုစစ်ကောင်စီက ဖေဖော်ဝါရီလအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးလေယာဉ်များဖြင့်လည်း ဗုံးလာကြဲမှုများလည်း ရှိခဲ့ကြောင်းဒေသခံများကပြောသည်။
ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ ထုတ်ပြန်ချက်တစ်ခုတွင် ရခိုင်ပြည်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၁ ခုအနက် ၁၀ ခုကို AA က ထိန်းချုပ်ထားနိုင်ပြီဟု ဖော်ပြခဲ့သည်။







