နောင်မွန်-ပူတာအို လမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးနေပြီး ညအိပ်ခရီးဖြင့် သွားလာနေရ

နောင်မွန်-ပူတာအို လမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးနေပြီး ညအိပ်ခရီးဖြင့် သွားလာနေရ

ပုံ - နောင်မွန်-ပူတာအိုလမ်းပိုင်း ပျက်စီးနေမှုမြင်ကွင်း (ပုံဟောင်း)

ကချင်ပြည်နယ်အထက်ပိုင်း နောင်မွန်-ပူတာအို ကားလမ်းပိုင်း ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့အတွက် ညအိပ်ခရီးဖြင့် သွားလာနေရတယ်လို့ နောင်မွန်မြို့ခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နောင်မွန်-ပူတာအို ကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်ဆီးနေပြီး လက်ရှိချိန်ထိ ပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ကုန်ကားနဲ့ ခရီးသည်ကားတွေ ညအိပ်ခရီးဖြင့် သွားလာနေရတယ်လို့ နောင်မွန်မြိုအခံအမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

"ကုန်ကားကြီးတွေတော့ လာလို့မရဘူး ဖောဝီး (Four-Wheel) ကားတွေပဲလာတယ်။ လမ်းမှာ တစ်ည၊ နှစ်ည အိပ်ရတယ် မိုးအရမ်းရွာတဲ့နေ့တွေဆို နှစ်ညလောက်အိပ်မှပဲ ဒီကိုရောက်တာ” လို့ နောင်မွန်မြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တစ်လနီးပါးကြာ မိုးရွာသွန်းမှုကြောင့် ပူတာအို- နောင်မွန် လမ်းပိုင်းရှိ နောင်မွန်နဲ့ မဂွေဇကြား လမ်းပြိုတာ၊ တံတားကျိုးတာတွေ ဖြစ်ပေါ်နေပြီး ခက်ခက်ခဲခဲ သွားလာနေရတယ်လို့ နောင်မွန်-ပူတာအို ကားလမ်းပိုင်းမှာ မောင်းနှင်နေတဲ့ကားသမားတစ်ဦး KNG ကို ပြောပါတယ်။

"မဂွေဇဟိုဘက်က ပိုဆိုးတာပေါ့။ ဒီခြမ်းကအဲ့လောက်မဟုတ်ဘူး လမ်းကတစ်လမ်းလုံးလိုပဲပြိုထားတယ် တချို့နေရာက ဘတ်ဖိုးတွေနဲ့ ဆွဲတင်ရတယ်ကားကို လူနဲ့တွန်းရတဲ့နေရာရှိတယ် အဖွဲ့တွေရှိတယ် ပိုက်ဆံပေးရတယ် ဘတ်ဖိုးသမားတွေကို” လို့ ပြောပါတယ်။

နောင်မွန်-ပူတာအို ကားလမ်းပိုင်းဟာ ပုံမှန်အားဖြင့် ကား၊ ဆိုင်ကယ်နဲ့ တစ်ရက်ခရီးသာဖြစ်ပေမယ့် လက်ရှိမှာတော့ လမ်းပိုင်းပျက်စီးမှုကြောင့် တစ်ညကနေ နှစ်ညအထိ ညအိပ်ရတယ်လို့ သိရပါတယ်။

အခုလို လမ်းပိုင်းပျက်းစီးပြီး ခက်ခက်ခဲခဲသွားလာနေရတာကြောင့် ကားခတွေလည်း ယခင်ကထက် မြင့်တက်လာပြီး အတက်ခရီးသည်တစ်ဦးကို ကျပ် ၉၀၀၀၀ (ကိုးသောင်း) အဆင်းခရီးသည်တစ်ဦးကို ကျပ် ၅၀၀၀၀ (ငါးသောင်း) အထိရှိတယ်လို့ သိရပါတယ်။

အလားတူ ကုန်စည်စီးဆင်းမှုတွေလည်း နှောင့်နည်းနေတဲ့အတွက် ကုန်စျေးတက်တာ၊ ကုန်စည်ပြတ်လပ်တာမျိုးတွေလည်း ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"ကြက်ဥကတော့ တစ်လုံးတစ်ထောင် ရှားတယ် မရှိသလောက်ပဲ။ ခရမ်းချဥ်သီးကတော့ တစ်ပိဿာကို တစ်သောင်းခွဲ ဟိုတလော တစ်သောင်းပဲ တန်ဆာခအရမ်းတက်တယ် လမ်းမှာလည်း ကားဆွဲခတွေပေးရတော့ ဘာမဆို စျေးတက်နေတယ်” လို့ အထက်မှာဖော်ပြခဲ့တဲ့ နောင်မွန်မြို့ခံ အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိ ပျက်စီးနေတဲ့ နောင်မွန်-ပူတာအို လမ်းပိုင်းဟာလည်း တချို့နေရာတွေ ဆိုးဆိုးဝါးဝါး မြေပြိုထားတာကြောင့် လမ်းပိုင်းပြန်ကောင်မွန်ဖို့ အချိန်တစ်လနီးပါးလောက်ကြာမြင့်နိုင်ကြောင်း သိရပါတယ်။

နောင်မွန်-ပူတာအို လမ်းပိုင်းနဲ့ အလားတူ နောင်မွန်မြို့နယ်ထဲက ပန်နန်းဒင်မြို့အဝင်တံတား၊ တဆူထုတံတား၊ ဂဝိုင်တံတား၊ မရီမိုင်းတံတားအပါ တံတားကြီး ခြောက်စင်းအထိ ရေစီးနဲ့မျောပါသွားတာကြောင့် ဒေသခံတွေ ကြိုးတံတားမရှိပဲ ခက်ခက်ခဲခဲ သွားလာနေရတယ်လို့ သိရပါတယ်။

"ပန်နန်းဒင်တံတားလည်း မပြီးသေးဘူး ဟိုဘက်လည်း တစ်စင်းမှမဆောက်သေးဘူး မိုးကရွာတုန်းဆိုတော့ အခုက တံတားမရှိတော့ ကြိုးတစ်ချောင်းကို ချောင်းဟိုဘက်ကမ်းဒီဘက်ကမ်း သွယ်တန်းပြီးတော့ အဲ့ကြိုးမှာ ထိုင်ခုံချည်ပြီး စွန့်စွန့်စားစားသွားနေရတယ်” လို့ နောက်ထပ် နောင်မွန်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

နောင်မွန်မြို့ဟာ မြန်မာပြည် မြောက်ဖျားပိုင်းမှာရှိတာဖြစ်ပြီး လမ်းပိုင်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသဖြစ်တာကြောင့် နှစ်စဥ်မိုးရာသီကာလမှာ လမ်းပိုင်းမြေပြိုတာတွေ မကြာခနကြုံတွေ့လျက်ရှိကြောင်း သိရပါတယ်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...