ဧရာဝတီတွင် တိုက်ပွဲအတွင်း ပိတ်မိနေသည့် ရခိုင်စစ်ရှောင်တချို့ကို AA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်

ဧရာဝတီတွင် တိုက်ပွဲအတွင်း ပိတ်မိနေသည့် ရခိုင်စစ်ရှောင်တချို့ကို AA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်

တိုက်ပွဲများကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပိတ်မိနေသည့် ရခိုင်စစ်ရှောင်တချို့ကို အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်ပေး‌နေရကြောင်း သတင်းရရှိသည်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းဒေသသို့ ရောက်ရှိနေကြသည့် ရခိုင်မှ စစ်ဘေးရှောင်များကို ငသိုင်းချောင်းအနီး တိုက်ပွဲများဖြစ်ပွားနေသည့် ဇွန်လ ၁၂ ရက်နောက်ပိုင်းမှစတင်ကာ AA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်ပေးနေရခြင်းဖြစ်သည်ဟု ဂွဒေသမှ AA နှင့် နီးစပ်သူသတင်းရင်းမြစ်က နိရဉ္စရာကို ပြောသည်။

"အများဆုံးက သံတွဲနဲ့ ဂွဒေသခံတွေပါ။ အခုဧရာဝတီဖက်မှာတိုက်ပွဲတွေဖြစ်နေတော့ စားဝတ်နေရေးကျပ်တည်းလာကြတယ်။ အလုပ်အကိုင်မရှိ။ စစ်ကောင်စီရန်ကိုလည်းကြောက်ရလို့ ကိုယ့်ပြည်ကိုပြန်ကြတာ။ လမ်းတွေမှာ အုပ်စုလိုက်၊ တချို့ဆို ကလေးတဖက်နဲ့ လွတ်ရာကိုပြေးနေကြတာကို ကိုယ့်တော်လှန်ရေးတပ်ဖွဲ့တွေက မြင်တော့ ကယ်ထုတ်ပြီး သူတို့နေရပ်ပြန်ရောက်ဖို့ စီစဉ်ပေးတယ်" ဟု ပြောသည်။

လူဦးရေမည်မျှကို ကယ်ထုတ်ထားပြီးပြီဆိုသည်ကို လောလောဆယ် မသိရသေးပါ။

ကယ်ထုတ်ခံနေရသည့် စစ်ဘေးရှောင်များမှာ ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်က ရခိုင်ပြည်အတွင်း ဂွမြို့နှင့် သံတွဲမြို့တို့တွင် မြို့သိမ်းတိုက်ပွဲများဖြစ်ပွားခဲ့စဉ်က ဧရာဝတီတိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသူများဖြစ်သည်။

စစ်ကောင်စီ၏ လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ထားမှုအပြင် အဖမ်းအဆီးနှင့် လေကြောင်းရန်တို့ကြောင့် မိမိနေရပ်သို့ပြန်မလာနိုင်ဘဲရှိနေရာမှ ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားလာမှုကြောင့် မိမိတို့နေရပ်သို့ အသက်စွန့်ကာ ပြန်လာနေရခြင်းဖြစ်သည်ဟု ဆိုကြသည်။

ရခိုင်သို့ နေရပ်ပြန်လာကြသည့် စစ်ရှောင်တချို့မှာလည်း စစ်ကောင်စီတပ်သားများနှင့်တွေ့လျှင် ဖမ်းဆီးခံရမှုများရှိနေသည့်အတွက် အခက်ခဲမျိုးစုံနှင့်ရင်ဆိုင်နေရသည်ဟု ထွက်ပြေး လွတ်မြောက်လာသူအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ကျနော်တို့ကံကောင်းလို့ လွတ်လာတာ။ ကျနော်တို့နောက်က အုပ်စုဆိုရင် အဖမ်းခံရတယ်။ အကုန်လုံး ရခိုင်ဖက်ကိုပြန်တာ။ ဘယ်သူဘယ်ဝါဆိုတာ ကျနော်တို့မသိဘူး။ ရေကြည်ဖက်က စစ်ကြောင်းထိုးနေတဲ့စစ်ကြောင်းတွေက ဖမ်းတာပါ။ လွန်ခဲ့တဲ့သုံးရက်လောက်က ဖြစ်တာပါ" ဟု ပြောသည်။

လက်ရှိတွင် ရေကြည်မြို့နယ်၊ ငသိုင်းချောင်း-ဂွကားလမ်းပေါ်ရှိ ငသိုင်းချောင်းအပိုင် မြောက်စမ်းရွာအနီး အမြောက်တပ် (၃၄၄) နှင့် လမ်းကြောင်းတစ်လျှောက် AA နှင့် တော်လှန်ရေးပူးပေါင်းတို့တပ်တို့ တိုက်ပွဲများဖြစ်နေပြီး မိုးသည်းထန်စွာရွာနေမှုကြောင့် ယနေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်အထိ လက်နက်ကြီးပစ်ခတ်သံများကိုသာကြားရသည်ဟု ဂွစစ်ရှောင်တစ်ဦးက နိရဉ္စရာကို ပြောသည်။

"မိုးရွာရင် လက်နက်ကြီးပစ်ခတ်သံကြားရတယ်။ နေပူရင်တော့ လက်နက်ကြီး/လက်နက်ငယ်သံ အသံမျိုးစုံပစ်ခတ်သံတွေကြားရပါတယ်" ဟု ပြောသည်။

အမြောက်တပ် (၃၄၄) တပ်သို့ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) မှ စစ်ကူအင်အားများအပါအဝင် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းများဖြင့် အင်အားဖြည့်တင်း‌နေပြီး AA ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ငသိုင်းချောင်းနှင့် ၁၀ မိုင်ခန့်သာဝေးသည့် အမြောက်တပ် (၃၄၄) ကို ဇွန်လ ၁၂ ရက်နေ့မှစပြီး AA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်နေခြင်းဖြစ်သည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...