ကလေးမြို့ကနေတက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို CC နဲ့ CB တွဲပြီး ပူးပေါင်းခုခံတာ အောင်မြင်မှုတချို့ရှိကြောင်း၊ ချင်းပြည်နယ်မြောက်ပိုင်းအပြင် ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်ဘက်ကိုလည်း စစ်ကောင်စီက ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစလို့ ထိုးစစ်ဆင်လာတယ်လို့ ဇွန်လ ၁၈ ရက်မှာပြုလုပ်တဲ့ ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ချင်းညီနောင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။
“ကလေး ဒကစ ကနေ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မေလကုန်ပိုင်းလောက်မှာ စတင်ထိတွေ့မှုတွေရှိခဲ့တယ်။ အဲဒီမှာ ပူးပေါင်းစစ်ကြောင်းတစ်ခုအနေနဲ့ အကုန်လုံး လက်တွဲညီညီနဲ့ ခုခံကာကွယ်ခဲ့တယ်။ အဲဒီမှာ CB ရော CC ရော အကုန်လုံးပေါ့နော်။ CB ၊ CC အဖွဲ့ဝင်မဟုတ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရော အကုန် ပူးပေါင်းစစ်ကြောင်းနဲ့ ကာကွယ်မှုတွေ တိုက်ခိုက်မှုတွေ ရှိခဲ့တယ်။ အောင်မြင်မှုတွေလည်းရှိခဲ့တယ်။ လက်နက်သိမ်းဆည်းရတာတွေ တချို့ရှိတယ်။ အလင်းဝင်လာတာတွေ ပြေးလာတာတွေရှိတယ်။ စသဖြင့်ရှိပေမယ့် နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ ဘာမှထုတ်ဖော်မပြောခဲ့တာဖြစ်တယ်” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။
ချင်းညီနောင်အဖွဲ့ဝင် ၆ ဖွဲ့ရှိတဲ့ထဲ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့၊ မင်းတပ်မြို့နယ်၊ မရာ၊ ဖလမ်း ဖက်တွေမှာ စစ်ကောင်စီ လုံးဝ ကင်းစင်သွားပြီဖြစ်ပြီး တီးတိန်မြို့ကိုသာ စစ်ကောင်စီကင်းစင်အောင် လုပ်ဆောင်ရန်သာ ကျန်တော့တာဖြစ်ပါတယ်။
အဲဒါကြောင့်ပဲ စစ်ကောင်စီက ကလေးမြို့ကနေ စစ်ကြောင်းထိုးတယ်လို့ ယူဆကြောင်း၊ ချင်းပြည်နယ်မြောက်ပိုင်း ကလေးမြို့ကနေတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ လက်ရှိ မွှာလ်ပီးရွာထဲမှာရှိပြီး ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။
မွှာလ်ပီးရွာကနေတော့ စစ်ကြောင်း ရှေ့ဆက်မတိုးသေးသလို ဒီရက်ပိုင်း ထိတွေ့တိုက်ခိုက်မှု နည်းသွားတယ်လို့လည်း ချင်းညီနောင်ဖွဲ့ (CB) က ပြောပါတယ်။
မကွေးတိုင်း ပခုက္ကူတပ်မ ၁၀၁ ကနေ စစ်ကားအစီးပေါင်း ၁၂၆ စီးနဲ့ မင်းတပ်ဘက်ကို ဦးတည်ထွက်လာတဲ့ စစ်ကြောင်းကတော့ လက်ရှိ ကံမကို ရောက်နေပြီဖြစ်တယ်လို့လည်း ဆလိုင်းယောမာန်က ဇွန်လ ၁၈ ရက်နေ့ကပြုလုပ်တဲ့ ချင်းညီနောင် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။
“ချင်းပြည်တောင်ပိုင်းကိုလည်း စစ်ကောာင်စီက ထိုးစစ်ဆင်လာတာမျိုးရှိပါတယ်။ ပခုက္ကူတပ်မ ၁၀၁ ကနေ စစ်ကားအစီးပေါင်း ၁၂၆ စီးနဲ့ ထွက်လာတယ်။ ဒီ မေလကုန်ပိုင်းဝန်းကျင်ကနေ ထွက်လာတယ်။ စစ်ကြောင်းတလျှောက်က ပါရာမော်တာတွေ လေယာဉ်တွေနဲ့ ဗုံးကြဲအကူတွေအပါအဝင် စစ်ကြောင်းရှင်းတယ်ပေါ့။ အဲလိုပုံစံနဲ့ထွက်လာတယ်။ လောလောဆယ်ကတော့ ပခုက္ကူကနေ ကံမရောက်ပြီပေါ့။ ကံမကနေ ဆက်ထွက်လာမယ်ဆိုရင် ပေါက်၊ ပေါက်ဆိုတာက ပခုက္ကူနဲ့ မင်းတပ်ရဲ့ လမ်းတဝက် ပြောလို့ရတယ်။ ပခုက္ကူနဲ့ မင်းတပ်က မိုင် ၁၀၀ တောင်မဝေးဘူးဆိုတော့ ဒီအခြေအနေကို စောင့်ကြည့်နေတယ်။ လေ့လာနေတယ်။ ပြင်ဆင်ထားတယ်ပေါ့။ သူတို့ ရှေ့ဆက်တိုးလာခဲ့ရင်ပေါ့လေ” လို့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။







