ရေကြည်တွင် ရခိုင်စစ်ရှောင် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

ရေကြည်တွင် ရခိုင်စစ်ရှောင် ၁၁ ဦးကို စစ်ကောင်စီ ဖမ်းဆီးထား
ဧရာဝတီတိုင်း စစ်ဆေးရေးဂိတ်တစ်နေရာအား တွေ့ရစဉ်။ (ဓာတ်ပုံ - MOI)
ဧရာဝတီတိုင်း စစ်ဆေးရေးဂိတ်တစ်နေရာအား တွေ့ရစဉ်။ (ဓာတ်ပုံ - MOI)

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင် ၁၁ ဦးကို အာရက္ခတပ်တော် (AA)နှင့် ဆက်စပ်သည့် သံသဖြင့် စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေကြသည့် ရခိုင် ၁၁ ဦးကို ဇွန်လ ၁၆ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

"မြောက်စမ်းမှာ စစ်ဘေးရှောင်နေတဲ့ ရခိုင်လူမျိုး ၁၁ ဦးကို AA သတင်းပေးတွေဆိုပြီး စစ်ကောင်စီ အမြောက်တပ်က လာဖမ်းသွားတာရှိတယ်။ အဓိကတော့ မြောက်စမ်းက စစ်တပ်သတင်းပေးတွေက AA ကို သတင်းပေးနေတယ်လို့ တိုင်တန်းလိုက်တာကြောင့် ဖမ်းဆီးခံရတာလို့ သိရတယ်" ဟု ရေကြည်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူနှင့် ဂွမြို့နယ်က ဒေသခံများဖြစ်ပြီး အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦးပါဝင်သည်။

လက်ရှိမှာ ၎င်းတို့ ၁၁ ဦးကို မြောက်စမ်းအမြောက်တပ်ထဲမှာ ထိန်းသိမ်းထားကြောင်း သိရသည်။

မြောက်စမ်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် (၃၄၄) အမြောက်တပ်ရင်းကို AA နှင့်ပူးပေါင်းတပ်တို့က ဇွန်လ ဒုတိယအပတ်မှ စတင်ထိုးစစ်ဆင်နေသည်။

အမြောက်တပ် တိုက်ခိုက်ခံရချိန်မှစ၍ ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီက သံသဖြင့် ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် လုံခြုံမှုမရှိဖြစ်နေရကြောင်း ရခိုင်စစ်ရှောင်များက ပြောသည်။

"ရေကြည်နဲ့ လေးမျက်နှာဖက်မှာ စစ်ကောင်စီက ရခိုင်စစ်ဘေးရှောင်တွေဆိုရင် အတော်လည်းကို မယုံသင်္ကာ မျက်လုံးတွေနဲ့ ကြည့်တာခံရတယ်။ တစ်ခုခုဆို့ ငါတို့ကို ဖမ်းဆီးမလားဆိုပြီး အကြောက်တရားတွေနဲ့ပဲ နေကြရတယ်" ဟု ရေကြည်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ စသည့်မြို့နယ်များမှ ဒေသခံထောင်နှင့်ချီမှာ ဧရာဝတီဘက်သို့ စစ်ဘေးတိမ်းရှောင်လျက်ရှိကြသည်။

ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီက မကြာခဏ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသဖြင့် စားဝတ်နေရေး အခက်အခဲအပြင် လုံခြုံရေးပါ ခြိမ်းခြောက်ခံနေရကြောင်း ပြောဆိုကြသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...