တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေဆိုတဲ့ကာလမှာ ကလေးမြို့တွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသားမိဘများ စိုးရိမ်နေကြ

တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေဆိုတဲ့ကာလမှာ ကလေးမြို့တွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသားမိဘများ စိုးရိမ်နေကြ

မန္တလေးငလျင်ဒဏ်ကြောင့်  တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုနေရတဲ့ ဒေသမှာပါဝင်တဲ့ ကလေးမြို့မှာ  သင်္ချာဘာသာရပ် ဖြေဆိုတဲ့ ယမန်နေ့ ဇွန်လ ၁၈ ရက်နေ့ မနက် ၁ နာရီခွဲခန့်မှာ တာဟန်းရပ်ကွက်နှင့် ကြုံ့သုံးပင်ရပ်ကွက်တို့မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့အတွက် ကျောင်းသားမိဘများ စိုးရိမ်နေကြတယ်လို့ ကလေးမြို့ ဒေသခံများထံမှ သိရှိခဲ့ရပါတယ်။

“အမြောက်တပ်ကနေ ပစ်တဲ့ ကျည်လို့ သိရပါတယ်။ YCW ကိုယ်ပိုင်ကျောင်း အနောက်ဘက် တာဟန်း ဘောလုံးကွင်းနား၊ လမ်းပေါ်မှာ တစ်လုံး ပေါက်ကွဲခဲ့တယ်။ နေအိမ်တစ်လုံး အတော်ပျက်စီးတယ်။ တချို့အိမ်တွေတော့ ကျည်စထိတာတွေရှိတယ်။ သေဆုံးဒဏ်ရာရတာ မရှိဘူး။ ပေါက်ကွဲသံက အတော်ကျယ်တယ်။ စာမေးပွဲဖြေနေတဲ့ ကလေးတွေ ထိတ်လန့်သွားစေမှာ အမှန်ပဲ။ ကြုံ့သုံးပင်ရပ်ကွက် မွန်းလိုင်ဘက်မှာကျတဲ့ ကျည် မပေါက်ကွဲခဲ့ဘူး” လို့ တာဟန်းရပ်ကွက်နေ ကျောင်းသားမိဘတစ်ဦးက ပြောပြပါတယ်။

မပေါက်ကွဲတဲ့ အမြောက်ကျည်ဟာ ကြုံ့သုံးပင်ရပ်ကွက် မွန်းလိုင် ဘောလုံးကွင်းနားတွင် ကျရောက်ခဲ့ပြီး လမ်းမအလယ် မြေနုတဲ့နေရာမှာ ကျရောက်တဲ့အတွက် ပြန်ကန်ထွက်ကာ ခြံစည်းရိုးတိုင်တစ်ခု ထိမှန်ကျိုးသွားခဲ့ကြောင်း၊ အမြောက်ကျည်ဟာ နေအိမ်တစ်ခုအောက်သို့ ရောက်သွားခဲ့ကြောင်း၊ မပေါက်ကွဲတဲ့အတွက် နေအိမ်ပိုင်ရှင် အနီးအနားရှိလူများပါ သက်သာရာရခဲ့ကြောင်း ယင်း တာဟန်းနေ ကျောင်းသားမိဘမှ ဆက်လက်ပြောကြားခဲ့ပါတယ်။

“ကပ်ဘေးကြောင့် တခါဖြေပြီးသား စာမေးပွဲကို ကလေးတွေက ပြန်ဖြေနေရတာပါ။ အခုလို မြို့တွင်းမှာ ပေါက်ကွဲသံတွေ၊ ကျည်ကျတာတွေ ဖြစ်ပွားနေတာက ကလေးတွေကို ကိုယ်ချင်းမစာရာ ရောက်တယ်လို့ ခံစားမိတယ်။ သက်ဆိုင်သူအားလုံးအနေနဲ့ အခုလို ပစ်ခတ်ပေါက်ကွဲတာမျိုးမဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းသင့်တယ်လို့ ထင်ပါတယ်” လို့ မွန်းလိုင်ရပ်ကွက်နေ ပရဟိတအသင်း အမှုဆောင်တစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်မှ စစ်ရှောင်အများစု ခိုလှုံရာ ကလေးမြို့နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့က စပြီး အထက (၁)၊ အထက (၃) နှင့် အထက (အင်ဒိုင်းကြီး) စာစစ်ဌာနတို့မှ ပြန်လည်ဖြေဆိုနေကြောင်း၊ စာမေးပွဲဖြေဆိုရန် စာရင်းရှိ ၁၁၀၇ ဦးရှိခဲ့ရာမှ ၁၀၈၆ ဦး ဖြေဆိုခဲ့ပြီး ၂၁ ဦး ပျက်ကွက်ခဲ့ကြောင်း ပညာရေးနဲ့ နီးစပ်သူများထံမှ စုံစမ်းသိရှိခဲ့ရပါတယ်။

May 26, 2026
တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ယောဒေသ တောင်ပိုင်းက ဒေသခံပြည်သူတွေအနေဖြင့်...
May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းယောဒေသနဲ့ ပုံတောင်ပုံညာမှာ  စစ်ကောင်စီတပ်အင်အား ၁,၀၀၀...
May 25, 2026
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/ CPA ) အဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်...
May 23, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နဲ့ ၂ မိုင် အကွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင်...