၄ နှစ်ကျော်အတွင်း စစ်ကောင်စီကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၉၀၀ ကျော်ရှိ

၄ နှစ်ကျော်အတွင်း စစ်ကောင်စီကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၉၀၀ ကျော်ရှိ

သရုပ်ဖော်ပုံ - Women's League of Burma (WLB)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်၊ မေလထိ စစ်ကောင်စီ ကျူးလွန်ခဲ့သည့် ပဋိပက္ခဆက်နွယ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်စဉ်ပေါင်း ၉၁၈ ခုအထိရှိနေကြောင်း မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် (WLB) ၏ စာရင်းအရသိရသည်။

ယင်းအထဲတွင် ကရင်နီ ၃၆၅ ခု၊ စစ်ကိုင်း ၃၄၉ ခု၊ ရှမ်း ၁၀၂ ခု၊ ကချင် ၄၀ ခု၊ တနင်္သာရီ ၂၇ ခု၊ ချင်း ၂၃ ခု၊ ရန်ကုန် ၆ ခု၊ ကချင် ၃ ခု၊ ရခိုင် ၃ ခု၊ နေပြည်တော် ၂ ခု၊ မန္တလေး ၁ ခုနှင့် မကွေးတွင် ၁ ခုတို့ဖြစ်ကြသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်များမှာ ကရင်နီတွင် အများဆုံးတွေ့ရပြီး ဒုတိယအများဆုံးမှာ စစ်ကိုင်းတိုင်းတွင် ဖြစ်သည်။ ယခုအချက်အလက်မှာ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်မှ ပြုစုထားသည့် အချက်အလက်များသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်ပေသည်။

“လုံခြုံတဲ့နေရာဆိုတာက အမျိုးသမီးတွေအတွက် ရှာမရတဲ့ စိန်ခေါ်မှုကြီးဖြစ်တယ်။ လုံခြုံတဲ့နေရာလို့ သတ်မှတ်ထားတဲ့ အိမ်ထဲအထိ အဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေလည်း အများကြီးရှိတယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး လွေးပကျိုဝ်ဇားက ပြောသည်။

အကြမ်းဖက်မှုပုံစံများမှာ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ ပြည့်တန်ဆာအဖြစ် ရောင်းစားခံရမှုများ ပါဝင်ပြီး အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီးရွယ်အိုများအပြင် လိင်စိတ်ခံယူမှုကွဲပြားသူများလည်း ပါဝင်ကြောင်း သိရသည်။

စစ်ရေးပဋိပက္ခများကြောင့် မြန်မာနိုင်ငံအတွင်းမှ အမျိုးသမီးများမှာ နေရာတိုင်းတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ ကြုံတွေ့နေရသဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများနှင့် ရင်ဆိုင်နေကြရသည်ဟု အမျိုးသမီးရေးလှုပ်ရှားသူများက ပြောသည်။

“ကျမတို့ဒေသမှာဆိုရင် အမျိုးသမီးတွေအနေနဲ့ စစ်ပွဲဒဏ်ကို ပြေးရင်း၊ ရှောင်ရင်းကနေလည်း အကြမ်းဖက်မှုဒဏ်ကို ထပ်ဆင့် အဆပေါင်းများစွာ ခံနေကြရတာတွေရှိတယ်” ဟု လွေးပကျိုဝ်ဇားက ပြောသည်။

ပဋိပက္ခနှင့်ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခံရသူများအနေဖြင့် ကျူးလွန်သူများ၏ ခြိမ်းခြောက်မှုတို့ကြောင့် တိုင်ကြားနိုင်သည့်အခြေအနေမရှိ ဖြစ်နေရကြရသည်။

တစ်ဖက်မှာလည်း အမျိုးသမီးအဖွဲ့များအနေဖြင့် ကူညီပေးရေးအပိုင်းတွင် စစ်ရေးပဋိပက္ခများကြား စိန်ခေါ်မှုကို ရင်ဆိုင်နေရသည်ဟု WLB ၏ စည်းရုံးရေးနှင့် နိုင်ငံရေးရှေ့ဆောင်ကိုယ်စားလှယ် နော်ဆဲဆဲက ပြောသည်။

“ဘာယန္တရားမှလည်း မရှိတဲ့အခါကျတော့ စစ်ရေးပဋိပက္ခတွေ ဆက်ဖြစ်နေသရွေ့ ဒီလိုအခြေအနေတွေက ပိုဆိုးလာသလို လူသားချင်းစာနာထောက်ထားမှု အကူအညီပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုတွေ‌ ပေးဖို့အတွက် ကျမတို့အနေနဲ့က စိန်ခေါ်မှုတွေ တွေ့ရတယ်” ဟု နော်ဆဲဆဲက ပြောသည်။

အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေးအတွက် တရားမျှတမှုပေးနိုင်မည့် တရားစွဲဆို တိုင်ကြားမှုယန္တရားများ ဖန်တီးရန်လိုအပ်နေသည်။ တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့်လည်း ထိန်းချုပ်ဒေသများတွင် အကြမ်းဖက်မှုအခြေအနေများအား တာဝန်ယူဖြေရှင်းရန် လိုအပ်ကြောင်း အမျိုးသမီးရေး လှုပ်ရှားသူများက တိုက်တွန်းကြသည်။

အာဏာသိမ်းကာလအတွင်း အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ကာ စစ်လက်နက်သဖွယ် အသုံးချနေကြောင်းလည်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောသည်။

တရုတ်နှင့် အချို့နိုင်ငံများ၏ ကျောထောက်နောက်ခံ ပြုမှုများကလည်း စစ်ကောင်စီက လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများကို ပိုမိုလုပ်လာနိုင်၍ နိုင်ငံတကာအနေဖြင့် ပိတ်ဆို့အရေးယူမှုကို ပိုမိုလုပ်သင့်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက တိုက်တွန်းထားကြသည်။

March 6, 2026
စစ်တွေမြို့တွင် တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစု...
အီရန်၏ လေကြောင်းပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့သည့် အဘူဒါဘီမြို့ တစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ- Reuters
March 5, 2026
ယခု အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့၏ စစ်ပွဲကာလအတွင်း...
March 4, 2026
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စားဝတ်နေရေးကျပ်တည်းမှုနှင့်...
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေကြသည့် မိသားစုဝင်အချို့။ ဓာတ်ပုံ - ကျောက်တော်လူငယ်များအစည်းအရုံး (KTYA)
March 2, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု...