ငလျင်ဒဏ်ကြောင့် အိုးဘိုထောင်အတွင်း သေဆုံးမှုများကို စစ်ကောင်စီ သတင်းအမှောင်ချထားခဲ့

ငလျင်ဒဏ်ကြောင့် အိုးဘိုထောင်အတွင်း သေဆုံးမှုများကို စစ်ကောင်စီ သတင်းအမှောင်ချထားခဲ့

မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်တွင် မတ်လကုန်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် အကျဉ််းသား/သူ အယောက် ၇၀ ဦးအထက် သေဆုံးခဲ့သော်လည်း စစ်ကောင်စီက သတင်းအမှောင်ချထားခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မကြာသေးမီက ထုတ်ပြန်သည်။

ထိုအင်အားပြင်းငလျင်ကြောင့် အကျဉ််းသား/သူ သေဆုံးမှုထဲတွင် နိုင်ငံရေးအကျဉ်းသူ ၁၈ ဦးနှင့် နိုင်ငံရေးအကျဉ်းသား ၃၁ ဦး စုစုပေါင်း ၄၉ ဦးလည်း သေဆုံးခဲ့ကြောင်း PPNM က အတည်ပြုထားသည်။

PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်း “ကျနော်တို့မှာ ဖြန့်ထားတဲ့ ကွန်ရက်တွေရှိပါတယ်။ အဲ့ဒီကနေမှ သေဆုံးခဲ့တဲ့သူတွေ အချိတ်အဆက်တွေ ရှိတယ်ပေါ့နော်။ အဲ့ဒီလူတွေကို ကျနော်တို့ အတည်ပြုပြီတော့မှ အကျဉ်းသား/အကျဉ်းသူ ၄၉ ဦးရှိတယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ တိတိကျကျနဲ့ ကျနော်တို့ နာမည်စာရင်းတွေလည်း ရထားပါတယ်” ဟု ပြောသည်။

PPNM ၏ မှတ်တမ်းကောက်ယူမှုများအရ သေးဆုံးခဲ့သည့် နိုင်ငံရေးအကျဉ််းသား/သူ ၄၉ ဦးမှာ အသက်အရွယ်အားဖြင့် အသက် ၅၄ နှစ်နှင့် ၂၂ နှစ်ကြား ရှိသူများဖြစ်သည်။

အဆိုပါ အကျဉ်းသား သေဆုံးမှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီမှ သတင်းထုတ်ပြန်မှုများမရှိဘဲ သတင်းအမှောင်ချ ဖုံးကွယ်ထားသည်ဟု PPNM က ပြောသည်။

နိုင်ငံရေး အကျဉ််းသူ/သား ၄၉ ဦး သေဆုံးမှုကို စစ်ကောင်စီမှ သတင်းအမှောင်ချ ဖုံးကွယ်ထားသည်နှင့်ပတ်သက်၍ မရောင်နီလင်းက ယခုကဲ့သို့ ဆက်ပြောသည်။

“သတင်းအမှောင် ဘာလို့ ဖုံးကွယ်ထားလဲဆိုရင် ဒါက အဆောက်အအုံတွေထဲမှာ ပိတ်ထားတာတွေကြောင့် ပြီးလို့ရှိရင် ဒီအဆောက်အအုံတွေကလည်း မခိုင်ဘူးလေ။ မခိုင်တဲ့ကြားကနေမှ အပေါက်တွေ ပိတ်ပြီးတော့ ဝန်ထမ်းတွေက ပြေးကြတာပေါ့နော်။ အဲ့လိုမျိုးတွေနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့အတွက် သေဆုံးသွားခဲ့ရတာတွေကို လူသိမှာစိုးတယ်ပေါ့နော်။ အပြစ်ပြောကြမှာစိုးတဲ့အတွက် သတင်းအမှောင်ချထားတာပဲ ဖြစ်ပါတယ်”

အိုးဘိုအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ သေဆုံးမှုကို သတင်းအမှောင်ချထားမူကြောင့် သေဆုံးသူများ၏ မိသားစုဝင်နှင့် အဆက်အသွယ်မရှိဘဲ ရက်လည်ဆွမ်းကျွေးပင် မပြုလုပ်ရသေးဘူးဟု PPNM က ပြောသည်။

မရောင်နီလင်းက “တစ်ချို့ဆိုလို့ရှိရင် အခုချိန်ထိ မိသားစုဝင်တွေက ဒီငလျင်လှုပ်လို့မို့လို့ နိုင်ငံရေးအကျဉ်းသားတွေ သေတယ်ဆိုတာကို မသိကြသေးတဲ့ မိသားစုတွေလည်း ရှိပါတယ်” ဟု ပြောသည်။

လက်ရှိအချိန်ထိ အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများအတွက် အကူအညီများ၊ ထောက်ပံ့မှုများများစွာ လိုအပ်သဖြင့် လူ့အခွင့်အရေးနှင့် တရားမျှတမှုကို ဖော်ဆောင်နေကြသည့် အဖွဲ့အစည်းများအနေဖြင့် ထောက်ပံ့မှုများရရှိရေး ဆောင်ရွက်ပေးစေလိုသည်ဟု PPNM က တောင်းဆိုထားသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...