လုံးခင်းတွင် စစ်တပ်က အရပ်သားများအပေါ် ကျူးလွန်ချိုးဖောက်မှုများ ပြုလုပ်

လုံးခင်းတွင် စစ်တပ်က အရပ်သားများအပေါ် ကျူးလွန်ချိုးဖောက်မှုများ ပြုလုပ်

ကချင်ပြည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုထဲ ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်တိုက်လုပ်နေသည်ဟု ဒေသခံများက ပြောသည်။

လုံးခင်းကျေးရွာ အုပ်စုအတွင်း ဇွန်လ ၃ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပြီး လူထိခိုက်သေဆုံးမှုများ ရှိခဲ့သည့်အပြင် ကျောက်စိမ်းလုပ်ကွက်အတွင်းရှိ စက်ယန္တရားများကိုလည်း စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံအမျိုးသမီးတစ်ဦးက “ဒီနေ့ နေ့လည် ၁ နာရီကျော်လောက်မှာ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကုမ္ပဏီက ဝန်ထမ်းတွေ ဒဏ်ရာရတာလည်း အများကြီးပဲ၊ သိသလောက်တော့ ၂ ယောက်တော့ သေတယ်။ တချို့က ပြောတာတော့ လက်နက်ကြီး၊ တချို့ပြောတာကလည်း ဒရုန်း အဲ့လိုမျိုးပြောတယ်။ သေချာတာက ကုမ္ပဏီထဲက ဒီယမ်းဂိုဒေါင်ပေါ်ကျတာ။ လူသေတာ ထိခိုက်ဒဏ်ရာရတာတွေကတော့ confirm ဖြစ် (အတည်ပြုနိုင်) တယ်” ဟု ပြောသည်။

လုံးခင်းကျေးရွာ အုပ်စုအတွင်းရှိ မှော်စီစာကျေးရွာအထက်ဘက်က ဆောင်းချိန်ကျေးရွာထဲက ဓမ္မာရုံအနီးတွင် ဇွန်လ ၃ ရက်နေ့ နေ့လည် ၁ နာရီကျော် ဝန်းကျင်အချိန်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သည်။

အဆိုပါ ဓမ္မာရုံအနီးရှိ ကျောက်စိမ်းကုမ္ပဏီတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုအတွက် ကုမ္ပဏီမှ ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပြီး အယောက် ၂၀ နီးပါး ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

အလားတူ မှော်စီစာကျေးရွာအတွင်းရှိ တစ်သုံးလုံး ကျောက်စိမ်းလုပ်ကွက်အတွင်းက စက်ယန္တရားအချို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်း၌ မီးရှို့ဖျက်ဆီးခဲ့သည်။

ဒေသခံ အမျိုးသားတစ်ဦးက “မနက် ၈ နာရီခွဲကျော်လောက်က ဖြစ်တာ။ ကျနော်တို့ မှော်စီစာက တစ်သုံးလုံး လုပ်ကွက်ထဲက ကားတွေ မီးရှို့ခံရတာဗျ။ ဘက်ဟိုးတစ်စီး၊ မြေသယ်ကားနှစ်စီး၊ ကင်းတဲတစ်လုံးကို စစ်သားတွေက မီးရှို့နေတာလို့ ပြောတယ်။ ဟိုးရက် ၃၁ ရက်နေ့တုန်းကလည်း တစ်ခါရှို့သွားသေးတယ် အဲ့တုန်းက စားဖိုဆောင် အရှို့ခံရတာဗျ” ဟု ပြောသည်။

အလားတူ မှော်စီစာကျေးရွာက ကျောက်စိမ်းလုပ်ကွက်နေရာ သုံး-လေးခုခန့်အား စက်ယန္တရားမားအပြင် အဆောက်အအုံအချို့ကို မေလ ၃၁ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

အင်အားတစ်ရာခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်းက မှော်စီစာကျေးရွာက ဘုရားကုန်းတွင် တပ်စွဲထားခြင်းဖြစ်သည်။

ဖားကန့်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် စစ်ကောင်စီစစ်ကြောင်းက မေလ ၂၇ ရက်နေ့က စတင်ပြီး လုံးခင်းကျေးရွာအုပ်စုထဲသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဝင်လာပြီးနောက် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ခဲ့ပြီး ပြည်သူ ၅ ဦးလည်း သေဆုံးခဲ့သည်။

February 26, 2026
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ လမ်းပိုင်းများတွင် အထက်အဆင့်ဆင့်၏ ခွင့်ပြုချက်မရှိဘဲ...
February 25, 2026
ရှမ်းပြည်၏ မြို့တော် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း...
February 24, 2026
NCA လမ်းကြောင်းဖြင့် မလုံလောက်တော့ဘဲ သက်ဆိုင်သူအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး လမ်းကြောင်းသစ်...
February 23, 2026
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပိတ်ဆို့နေမှုကြောင့် မြစ်ကြီးနားတွင် ကြက်သားတစ်ပိဿာ ၄...