ကျောက်တော်၊ တင်းမကျေးရွာတွင် ငှက်ဖျားကြောင့် ကျောင်းသူတစ်ဦး သေဆုံး

ကျောက်တော်၊ တင်းမကျေးရွာတွင် ငှက်ဖျားကြောင့် ကျောင်းသူတစ်ဦး သေဆုံး

ကျောက်တော်မြို့နယ်၊ ကုလားတန်အထက်ပိုင်း တင်းမကျေးရွာမှ အသက် (၁၉) နှစ်အရွယ် ၁၂ တန်း ကျောင်းသူတစ်ဦးမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးသွားခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ထိုမိန်းကလေးငယ်မှာ ဖျားနာရာကနေ ရောဂါအခြေအနေဆိုးရာသဖြင့် မေလ ၂၄ ရက်က ကျောက်တော်မြို့သို့ ဆေးဝါးကုသရန် သွားရောက်ခဲ့သော်လည်း ဆေးကုသနေစဉ်အတွင်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

တင်းမကျေးရွာမှ အမျိုးသမီးတစ်ဦးက “ရွာမှာတုန်းကလည်း ငှက်ဖျားစစ်ခဲ့ပေမယ့် ငှက်ဖျား မရှိဘူးလို့ ပြောတယ်။ ရွာမှာကတော့ ကျန်းမာရေးစောင့်ရှောက်မှုကလည်း အားနည်းတယ်။ ငှက်ဖျားဖြစ်နေရင်တောင် မသိရဘူး။ ကျောက်တော် ဆေးရုံရောက်မှ ငှက်ဖျားလို့သိရတာ။ ဆေးကုသလို့ မမီလိုက်ဘူး။ သေဆုံးသွားခဲ့တာပါ” ဟု ပြောသည်။

တင်းမကျေးရွာသည် ပြီးခဲ့သည့် စစ်ရေးကာလအတွင်း တိုက်ပွဲဧရိယာဖြစ်ပွားခဲ့သဖြင့် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် အများအပြားရှိနေသည်။

ထိုကြောင့် နေအိမ်အနီးပတ်ဝန်းကျင်နှင့် ရွာအနီး တောတောင်များတွင် ခြုံနွယ်များအား မရှင်းလင်းနိုင်၍ ခြင်ဖောက်ဖွားမှုများကာ ငှက်ဖျားဖြစ်ပွားသူမှာလည်း လစဉ်ရှိကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မိုးဦးကာလအတွင်းကလည်း ကုလားတန်အထက်ပိုင်းရှိ တင်းမ၊ ပြိုင်းတိုင်း၊ မုန့်သန်းပြင်စသည်ကျေးရွာများတွင် ငှက်ဖျားကြောင့် သေဆုံးသူ ၄ ဦးထိရှိခဲ့သည်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများတွင် မိုးဦးပေါက်ကာလ ခြင်ပေါက်ဖွားမှုနှင့်အတူ ငှက်ဖျား ရောဂါဖြစ်ပွားမှုမြင့်တက်လာပြီး ယခုအခါ သေဆုံးသူထိရှိလာနေသည်။

ပြီးခဲ့သည့် ဧပြီကနောက်ဆုံးပတ်ကလည်း ပလက်ဝမြို့နယ်၊ သဲကုန်ကျေးရွာမှ အသက် (၃၅) နှစ်အရွယ် ကျောင်းဆရာတစ်ဦးမှာ ငှက်ဖျားရောဂါနှင့် ကျောက်တော်တွင် ဆေးကုသခံယူနေစဉ် သေဆုံးခဲ့သည်။

“အိန္ဒိယဖက်ကလာတဲ့ သူတွေမှာ ငှက်ဖျားပိုး ပိုတွေ့ရတယ်။ အဲဘက်ကနေ ငှက်ဖျားကူးစက်လာရင် ဒီမှာရောက်မှ ဖျားနာပြီး ငှက်ဖျားရှိတာကို သိကြတာ။ အဲကနေတဆင့်တဆင့် တခြားသူတွေကို ကူးစက်တာတွေလည်း ရှိပါတယ်။ ကျောက်တော်မြို့ မှာလည်း အများကြီး ဖြစ်နေကြပါတယ်” ဟု ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဧပြီလအတွင်း ငှက်ဖျား ရောဂါဖြစ်ပွားသူ ၄၂၄ ဦးအထိရှိကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။

ငှက်ဖျားရောဂါသည် မိုးဦးနှင့် မိုးနှောင်းကာလများတွင် အဖြစ်များတတ်ပြီး ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါဖြစ်၍ ခြင်ကိုက်ခံရပြီးနောက် ၁၀ ရက်မှ ၄ ပတ်အတွင်း ရောဂါလက္ခဏာ ပြတတ်သည်ဟု ကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

ငှက်ဖျားအန္တရာယ်သည် စိုးရိမ်စရာကောင်းလာ၍ ပြည်သူများအနေဖြင့် ငှက်ဖျားအန္တရာယ် သတိ ထားရန်လိုအပ်သည်ဟု အာရက္ခပြည်သူ့ကျန်းမာရေးဌာမှ သတိပေးထားသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...